MySport Myanmar

နွေရာသီမှာ ကစားသမား(၆)ဦးအထိ ရှင်းထုတ်နိုင်ဖွယ် ရှိနေတဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ လာမယ့် နွေရာသီ ဈေးကွက် ဖွင့်လှစ်ချိန်မှာပဲ အသင်းရဲ့ ကစားသမား(၆)ဦးအထိကို ရှင်းထုတ်သွားဖို့ ရှိနေပြီး ဒီကစားသမားတွေထဲမှာ ဒီရာသီမှ အသင်းကို ရောက်ရှိလာခဲ့တဲ့ ကူလီဘလီ အပါအဝင် အင်တာမီလန်ဆီ အငှားချထားတဲ့ လူကာကူပါ ပါဝင်လျက် ရှိနေပါတယ်။

Photo Credit : Daily Mail

ချယ်လ်ဆီးက ပိုင်ရှင်သစ် တော့ဒ်ဘိုလေလက်ထက် အပြောင်းအရွှေ့ဈေးကွက်နှစ်ခုအတွင်းမှာ ကစားသမားသစ် (၁၈)ယောက်အထိ ခေါ်ယူခဲ့ပြီး ပေါင်သန်း(၆၀၀)ကျော်လောက်အထိ သုံးစွဲခဲ့သလို ပြီးခဲ့တဲ့ ဆောင်းဈေးကွက်အထဲမှာလည်း ကစားသမား (၈)ယောက်ကို ပေါင်(၃၂၃)သန်းထိ သုံးစွဲကာ ခေါ်ယူထားခဲ့ပါတယ်။

Photo Credit : Daily Mail

အခုဆိုရင် ချယ်လ်ဆီးအသင်းရဲ့ ကစားသမားစာရင်းမှာ ကစားသမား အရေအတွက် အလျှံအပယ် ဖြစ်နေရသလို ဇန်နဝါရီလ ခေါ်ယူထားတဲ့ ကစားသမားသစ် (၈)ယောက်ထဲမှလည်း ကစားသမား(၃)ယောက်ကိုသာ ချန်ပီယံလိဂ် ကစားသမားစာရင်းထဲ ထည့်သွင်းနိုင်တာဖြစ်လို့ အန်ဇိုဖာနန်ဒက်ဇ် ဂျာအိုဖီးလစ်နဲ့ မူဒရစ်ခ်တို့ကိုသာ ထည့်သွင်းခဲ့ရပြီး တခြားကစားသမားသစ်တွေကို ချန်လှပ်ခဲ့ရကာ အူဘာမီယန်းကိုလည်း ကစားသမားစာရင်းကပါ ဖယ်ရှားခဲ့ရပါတယ်။

Photo Credit : Daily Mail

ဒီလို အခြေအနေတွေကို ဖြေရှင်းသွားဖို့အတွက်နဲ့ FFP စည်းမျဉ်းနဲ့ပါ အဆင်ပြေနေစေဖို့အတွက် ချယ်လ်ဆီးအသင်းအနေနဲ့ လာမယ့်နွေမှာ ကစားသမားတချို့ကို မဖြစ်မနေ ရောင်းထုတ်ရနိုင်ပြီး လက်ရှိ အသင်းကနေ ရှင်းထုတ်နိုင်တဲ့ ကစားသမားစာရင်းမှာ အသင်းရဲ့ ထိပ်တန်းကစားသမားတွေလည်း ပါဝင်နေပါတယ်။ ချယ်လ်ဆီးတို့ ရောင်းချသွားနိုင်တဲ့ ကစားသမားစာရင်းထဲမှာ အင်တာမီလန်အသင်းဆီ အငှားချထားတဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူ အသင်းရဲ့ အမေရိကန် တောင်ပံကစားသမား ခရစ္စတီယန်ပူလီဆစ် ပြီးခဲ့တဲ့ ဆောင်းဈေးကွက်က ပီအက်စ်ဂျီဆီ အငှားနဲ့ ပြောင်းရွှေ့ဖို့ လုပ်ဆောင်ရင်း အပြောင်းအရွှေ့ အထမမြောက်ခဲ့ရတဲ့ ဟာကင်ဇီယက်ရှ် အသင်းရဲ့ ကွင်းလယ်ကစားသမား ကိုဗာဆစ် လေဗာကူဆင်အသင်းဆီ အငှားချထားတဲ့ တောင်ပံကစားသမားလေး အိုဒွိုင်းတို့အပြင် ဒီရာသီမှ နာပိုလီကနေ ခေါ်ယူထားတဲ့ ခံစစ်မှူး ကူလီဘလီတို့ ပါဝင်နေပါတယ်။

Exit mobile version