မနေ့ညနေက ကျင်းပသွားခဲ့တဲ့ အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲအတွင်းမှာ သြစတြေးလျ အမျိုးသမီးအသင်းနဲ့ အင်ဒိုနီးရှား အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ သြစတြေးလျအသင်းက (၁၈)ဂိုး ဂိုးမရှိနဲ့ကို အပြတ်အသတ်ကြီး အနိုင်ရသွားခဲ့ပြီး ဒီပွဲစဉ်အတွင်းမှာလည်း သြစတြေးလျ အမျိုးသမီးအသင်းရဲ့ တိုက်စစ်ကစားသမား ဆမန်သာခါးက သွင်းဂိုး(၅)ဂိုးထိကို သွင်းယူပေးခဲ့ပြီး သြစတြေးလျ ဘောလုံးသမိုင်းရဲ့ သွင်းဂိုးအများဆုံးသူ တစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : The Guardian

ဘောလုံးအဆင့်အတန်းချင်း ကွာခြားလှတဲ့ အသင်းနှစ်သင်းဟာ အာရှဖလား ခြေစစ်ပွဲအဖြစ် တစ်အုပ်စုတည်းမှာ ကျရောက်နေခဲ့ရပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ထိပ်တိုက်ဆုံတွေ့ခဲ့ရာမှာ သြစတြေးလျဘက်ကနေ အခုလို သွင်းဂိုးပေါင်းများစွာ သွင်းယူပြီး နိုင်ပွဲရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ သြစတြေးလျရဲ့ အဓိက တိုက်စစ်ကစားသမား ဆမ်ခါးက အသင်းအတွက် ပထမပိုင်း ပွဲကစားချိန်အတွင်းမှာပဲ သွင်းဂိုး(၄)ဂိုးနဲ့ ဒုတိယပိုင်းမှာ သွင်းဂိုး(၁)ဂိုး စုစုပေါင်း (၅)ဂိုးအထိ သွင်းယူပေးခဲ့တာကြောင့် အခုဆိုရင် သူမရဲ့ နိုင်ငံလက်ရွေးစင် သွင်းဂိုး အရေအတွက်က (၅၄)ဂိုးအထိကို ရှိလာခဲ့ရပါတယ်။

Photo Credit : Eurosport

အခုလို နိုင်ငံတကာသွင်းဂိုးပေါင်း (၅၄)ဂိုးအထိကို ရှိလာခဲ့တဲ့ ဆမန်သာခါးဟာ သြစတြေးလျ ဘောလုံးသမိုင်းမှာ သြစတြေးလျ အမျိုးသား ဘောလုံးအသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး တင်ကာဟေးလ် တင်ရှိထားခဲ့တဲ့ သွင်းဂိုးအများဆုံး အရေအတွက်ဖြစ်တဲ့ သွင်းဂိုး(၅၀)ကို ကျော်ဖြတ်နိုင်ခဲ့ပြီး သြစတြေးလျ ဘောလုံးသမိုင်းရဲ့ သွင်းဂိုးအများဆုံး ကစားသမားပါ ဖြစ်လာခဲ့ရပါတယ်။ ဒီလို နိုင်ငံလက်ရွေးစင်အသင်းရဲ့ လေးစားစရာ ကစားသမားတစ်ဦး ဖြစ်လာခဲ့ရတဲ့ ဆမန်သာဟာ ချယ်လ်ဆီးအမျိုးသမီးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးလည်းဖြစ်ပြီး ပြီးခဲ့တဲ့ FIFA The Best Women’s Player Award ရဲ့ ဆုပေးပွဲမှာလည်း နောက်ဆုံး ဆန်ခါတင်(၃)ဦးစာရင်းထဲမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ချယ်လ်ဆီး အမျိုးသမီးဘောလုံးအသင်းနဲ့အတူ ဒေသတွင်း ဆုဖလားအောင်မြင်မှုတွေ များစွာရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့တဲ့ ဆမန်သာဟာ အခုဆိုရင် ချယ်လ်ဆီးအသင်းအတွက် သွင်းဂိုးစုစုပေါင်း (၄၅)ဂိုးအထိကို သွင်းယူပေးထားခဲ့ပြီး ဒီနှစ်ဘောလုံးရာသီအတွင်းမှာ အသင်းအတွက် ပြိုင်ပွဲစုံ (၁၄)ပွဲ ကစားထားရာမှာ (၁၃)ဂိုးအထိကို သွင်းယူပေးထားနိုင်ခဲ့ပါတယ်။