ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ အဓိကပစ်မှတ် ကစားသမားတစ်ယောက်ဖြစ်တဲ့ တိုက်စစ်ကစားသမား အာလင်းဟာလန်းကို ခေါ်ယူသွားဖို့အတွက် ပြောင်းရွှေ့ကြေးအပြင် အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ တမ်မီအေဘရာဟမ် ဒါမှမဟုတ် ဟတ်ဆန်အိုဒွိုင်းတို့ထဲက လိုချင်တဲ့ ကစားသမား(၁)ဦးနဲ့ အပြောင်းအရွှေ့ တစိတ်တပိုင်းအဖြစ် ကမ်းလှမ်းလာခဲ့ရာ ဒီကမ်းလှမ်းချက်ကို ဒေါ့မွန်ဘက်ကနေ ငြင်းဆန်ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

ဥရောပချန်ပီယံလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ အားနည်းဆုံး အပိုင်းဖြစ်နေတဲ့ တိုက်စစ်ပိုင်းအတွက် အင်အားဖြည့်တင်းဖို့ ဒေါ့မွန်အသင်းရဲ့ နော်ဝေကြယ်ပွင့် ဟာလန်းကို အလိုရှိနေပြီး ကမ်းလှမ်းမှုတွေကို စတင်လုပ်ဆောင်ခဲ့ရာမှာ ဒေါ့မွန်ဘက်ကနေ ပယ်ချသွားခဲ့တယ်လို့ ဂျာမနီမှာ အခြေစိုက်ထားတဲ့ Sky ဂျာမနီ သတင်းမီဒီယာကနေ ထုတ်ပြန်လာခဲ့ပါတယ်။ ဥရောပရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၁၅၀)လောက် အနည်းဆုံး အသုံးပြုရမှာဖြစ်တာကြောင့် ပြောင်းရွှေ့ကြေးအပြင် အသင်းရဲ့ ကစားသမား(၂)ဦးထဲကမှ စိတ်ကြိုက်ကစားသမားကို ခေါ်ယူနိုင်မယ့် ကမ်းလှမ်းချက်နဲ့ ချယ်လ်ဆီးဘက်က ကမ်းလှမ်းလာခဲ့ရာမှာလည်း ဒေါ့မွန်က ငြင်းဆန်သွားခဲ့ပါတယ်။

Photo Credit : Sky Sports

ချယ်လ်ဆီးအသင်းဘက်ကနေ ဟာလန်းကို အမှန်တကယ် အလိုရှိနေတဲ့အတွက် ဟာလန်းရဲ့ အပြောင်းအရွှေ့မှာ တစိတ်တပိုင်းအဖြစ် ထည့်သွင်းအသုံးပြုဖို့ စီစဉ်ထားတဲ့ တိုက်စစ်ကစားသမား အေဘရာဟမ်ကို ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းချက်တွေကိုပါ ပယ်ချထားခဲ့ရပါတယ်။ အေဘရာဟမ်ကို ဝက်စ်ဟမ်းယူနိုက်တက်အသင်းကနေ အလိုရှိလို့နေပြီး ကမ်းလှမ်းမှုတွေကိုလည်း လုပ်ဆောင်ချင်နေပေမယ့် ချယ်လ်ဆီးဘက်ကတော့ အေဘရာဟမ်ကို ရောင်းချဖို့ထက် ဟာလန်းရဲ့ အပြောင်းအရွှေ့မှာသာ ထည့်သွင်းအသုံးပြုချင်နေတာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီနွေစျေးကွက်အတွင်းမှာ အေဘရာဟမ်အပြင် ဝါရင့်တိုက်စစ်မှူးကြီး အိုလီဗီယာဂျရူးကို လက်လွတ်သွားတော့မှာဖြစ်တာကြောင့် ထိပ်တန်းအထောင်တိုက်စစ်မှူးတစ်ဦးကို ပြန်လည်အလိုရှိနေတာဖြစ်ပြီး စပါးတိုက်စစ်မှူး ဟာရီကိန်း အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး လူကာကူနဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းတို့ကို ပစ်မှတ်ထားခဲ့ပေမယ့် ဒီကစားသမားတွေထဲက တစ်ယောက်ယောက်ကို ခေါ်ယူနိုင်အရေးက အတော်လေးကို ခက်ခဲလျက် ရှိနေရပါတယ်။