ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်တစ်ခုမှာ ချယ်လ်ဆီးအသင်းရဲ့ လက်ရှိအခြေအနေတွေကြောင့် မပျော်ရွှင်တော့ကြောင်းနဲ့ နည်းပြတူယယ်လ်ကလည်း တခြားပုံစံမျိုးနဲ့ ကစားဖို့ ရွေးချယ်ထားတဲ့အပေါ်မှာ အဆင်မပြေ ဖြစ်နေတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့တဲ့ လူကာကူဟာ သူရဲ့ ပြောဆိုမှုတွေကြောင့်ပဲ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်ကို အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပေမယ့်လည်း လတ်တလောမှာတော့ ကလပ်အသင်းနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ အပြီးမှာ လူကာကူအနေနဲ့ အသင်းအတွက် ပြန်လည်ကစားနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : TEAMtalk

အသက်(၂၈)နှစ်အရွှယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ Sky Sports Italia နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ပွဲဆူသွားစေနိုင်တဲ့ စကားမျိုးတွေကို ထုတ်ဖော်ပြောဆိုခဲ့တာကြောင့် ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က လီဗာပူးလ်နဲ့ပွဲစဉ်မှာ ချန်လှပ်ခဲ့တာ ဖြစ်ပေမယ့်လည်း လူကာကူဟာ ချယ်လ်ဆီးအသင်း အသင်းဒါရိုက်တာ မာရီနာ အပါအဝင် အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ တနင်းလာနေ့က ဆုံတွေ့ခဲ့ရာ ဒီဆွေးနွေးမှုတွေက အပြုသဘောဆောင်ခဲ့သလို လူကာကူဘက်ကလည်း သူရဲ့ပြောစကားအပေါ် နောင်တရမိကြောင်း ပြသခဲ့လို့ မနက်ဖြန် စပါးအသင်းနဲ့ ရင်ဆိုင်ရမယ့် ခါရာဘောင်း လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အသင်းအတွက် ပြန်လည်ပါဝင်ရဖွယ် ရှိနေပါတယ်။

Photo Credit : TEAMtalk

လူကာကူဟာ ၂၀၁၁ခုနှစ်ကမှ အန်ဒါလက်ချ်ကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် (၁၀)ပွဲခန့်သာ ပါဝင်ခဲ့ရပြီး သွင်းဂိုးလည်း မသွင်းယူနိုင်ခဲ့သလို ဝက်ဘရွှန်းစ်နဲ့ အဲဗာတန်အသင်းတွေမှာသာ အငှားနဲ့ သွားရောက်ခဲ့ရပါတယ်။ အဲ့ဒီကမှ အဲဗာတန်ဆီ အပြီးသတ် ပြောင်းရွှေ့ဖြစ်ခဲ့တဲ့ လူကာကူဟာ မန်ချက်စတာယူနိုက်တက်နဲ့ အင်တာမီလန်အသင်းတွေမှာသာ ထပ်မံကစားခဲ့ရပြီး မနှစ်က ဘောလုံးရာသီမှာပဲ အင်တာနဲ့ စီးရီးအေချန်ပီယံဆုကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ အင်တာအတွက် အထူးခြေစွမ်းပြခဲ့တဲ့ လူကာကူဟာ ပြီးခဲ့တဲ့ နွေမှာပဲ သူရဲ့အသင်းဟောင်း ချယ်လ်ဆီးအသင်းကို ပေါင်(၉၇.၅)သန်းနဲ့ ပြန်လည်ပြောင်းရွှေ့လာပြီး အသင်းနဲ့ ပြန်လည်ပွဲဦးထွက်ခဲ့ရတဲ့ ပွဲစဉ်တွေမှာ ဂိုးတွေဆက်တိုက် သွင်းယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကစားသွားခဲ့ရတဲ့ ပွဲစဉ်တွေမှာပါ ဂိုးတွေ သွင်းယူနိုင်ပေမယ့် လီဗာပူးလ်ပွဲ မတိုင်ခင် ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ သူဟာ လက်ရှိကလပ် ချယ်လ်ဆီးမှာ မပျော်ရွှင်တော့ကြောင်း အသင်းဟောင်း အင်တာမီလန်ကို သူ့နှလုံးသားထဲမှာ ရှိနေကြောင်းနဲ့ သူရဲ့ကစားသမားဘဝ အကောင်းဆုံး အချိန်မှာ အင်တာကို ပြန်လည်ပြောင်းရွှေ့ချင်ကြောင်းတွေကို ပြောဆိုခဲ့တာကြောင့် ချယ်လ်ဆီးနည်းပြ တူဟယ်လ် အပါအဝင် အသင်းပရိသတ်တွေကိုပါ စိတ်ပျက်စေခဲ့ရပါတယ်။