ကာကာလက်သစ်လို့ တင်စားခေါ်ဆိုခံရပြီး ၂၀၁၂ခုနှစ်မှာပဲ ဘရာဇီးကနေ အင်္ဂလန်မြေကို စတင်ခြေချလာခဲ့ရတဲ့ လူးကပ်စ်ပီယာဇွန်ဆိုတဲ့ ဘောလုံးသမားလေးဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားတစ်ယောက် ဖြစ်ပေမယ့်လည်း (၇)နှစ်တာကာလအတွင်းမှာ နှစ်တိုင်းလိုလို အသင်းကနေ အငှားချခံနေရတဲ့အပေါ် စိတ်ကျေနပ်မှု မရှိတော့တာကြောင့် အခုဆောင်းစျေးကွက်အသင်းမှာပဲ အသင်းနဲ့ အပြီးသတ်လမ်းခွဲသွားဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : The Telegraph

အသက်(၂၆)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ပီယာဇွန်ဟာ ၂၀၁၂ခုနှစ်ကတည်းက သူရဲ့မွေးရပ်မြေအခြေစိုက် ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ ဆော်ပေါ်လိုအသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ယူရို(၇.၅)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းကို စရောက်လာချင်းနှစ်မှာပဲ အသင်းအတွက် ပွဲအနည်းငယ် ပါဝင်ခွင့်ရခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေကနေစတင်ပြီး ပီယာဇွန်ဟာ ချယ်လ်ဆီးအသင်းရဲ့ နှစ်ရှည်အငှားထုတ်ကုန်တစ်ခုလို ဖြစ်လာခဲ့ရပါတယ်။ ပီယာဇွန်ဟာ ၂၀၁၃ခုနှစ်ကနေပြီး ၂၀၂ဝခုနှစ်အထိကို ကလပ်အသင်း(၇)သင်းမှာ အငှားကစားသမားဘဝနဲ့ ဖြတ်သန်းခဲ့ရကာ ချယ်လ်ဆီးအသင်းအတွက်ကိုလည်း ပါဝင်ကစားပေးခွင့်တွေ မရရှိခဲ့သူဖြစ်ပါတယ်။

Photo Credit : The Chelsea Chronicle

ပီယာဇွန်ဟာ ဥရောမြေမှာ စတင်ခြေချပြီး တစ်နှစ်အကြာမှာပဲ စပိန်ကလပ် မာလာဂါအသင်းကို အငှားနဲ့ သွားရောက်ကစားခဲ့ရသလို အဲ့ဒီကမှတစ်ဆင့် နယ်သာလန်ကလပ် ဗွီတက်ဆီအသင်းကို ထပ်မံအငှားချခံခဲ့ရပါတယ်။ ဗွီတက်ဆီမှာ အတော်လေးကို ခြေစွမ်းပြသနိုင်ခဲ့တဲ့ ပီယာဇွန်ကို ချယ်လ်ဆီးအသင်းက အသင်းမှာ နေရာမပေးသေးပဲ ထပ်မံကာ ဂျာမန်ကလပ် ဖရန့်ဖတ်အသင်းဆီ အငှားချခုံပြန်ပါတယ်။ အဲ့ဒီနောက်မှာတော့ အင်္ဂလန်ကလပ်အသင်းတွေဖြစ်တဲ့ ရီဒင်းနဲ့ ဖူလ်ဟမ်တို့ဆီမှာပါ အငှားတွေချခဲ့သေးသလို အီတလီကလပ် ချီယေဗိုမှာလည်း အငှားချပါသေးတယ်။ အခုလည်း ပေါ်တူဂီကလပ် ရီယိုအာဗီအက်စ်စီအသင်းမှာ အငှားချထားရာ အငှားစာချုပ် မကုန်ဆုံးခင်မှာပဲ ကစားသမားနဲ့ အသင်းကြား သဘောတူညီမှု ရယူပြီး အငှားစာချုပ်ကို ဖျက်သိမ်းခဲ့လို့ ပီယာဇွန်က ချယ်လ်ဆီးကို ပြန်ရောက်လာရတော့မှာဖြစ်သလို အသင်းနဲ့လည်း အပြီးသတ်လမ်းခွဲဖို့ကို ကစားသမားဘက်ကနေ လုပ်ဆောင်သွားတော့မယ်လို့လည်း သိရပါတယ်။ ပီယာဇွန်ဟာ ချယ်လ်ဆီးနဲ့ လာမယ့် ၂၀၂၂ခုနှစ်မှ စာချုပ်ကုန်ဆုံးမှာဖြစ်ပေမယ့် အသင်းက သူ့ကို နေရာမပေးနိုင်တော့တာကြောင့် အခုဆောင်းစျေးကွက်မှာပဲ အသင်းနဲ့ လက်တွဲဖြုတ်ချင်နေတာဖြစ်ပါတယ်။