ယူအေအီးနိုင်ငံ အဘူဒါဘီမှာ မနေ့ညက ကျင်းပသွားခဲ့တဲ့ world cup break ကလပ်အသင်း ခြေစမ်းပွဲတစ်ပွဲဖြစ်သော ချယ်လ်ဆီးအသင်းနဲ့ အက်စတွန်ဗီလာအသင်းတို့ ပွဲစဉ်မှာ ချယ်လ်ဆီးအသင်း တိုက်စစ်ကစားသမား အာမန်ဒိုဘရိုဟာက ဒဏ်ရာ ရရှိသွားခဲ့ပြီး ကွင်းထဲကနေ stretcher နဲ့ပါ ခေါ်ထုတ်သွားခဲ့ရတာကြောင့် ကာလအတန်ကြာအထိ အနားယူရနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။
Photo Credit : Evening Standard
အယ်လ်ဘေးနီးယား တိုက်စစ်ကစားသမား ဘရိုဟာ ဟာ ဗီလာခံစစ်မှူး ကွန်ဆာနဲ့ ထိခိုက်မိရာကနေ ညာဘက်ဒူးခေါင်းကို ထိသွားခဲ့တာကြောင့် ပွဲကို ဆက်လက် ကစားနိုင်ခြင်းပင် မရှိတော့ပဲ (၂၅)မိနစ်မှာပဲ လူစားလဲခဲ့ရပါတယ်။ ဘရိုဟာရဲ့ ဒဏ်ရာအခြေအနေကို အသေးစိတ် သိရှိနိုင်ဖို့အတွက် စစ်ဆေးမှုတွေ လုပ်ဆောင်လျက် ရှိနေပြီး ကစားသမားရဲ့ ဒဏ်ရာအပေါ် ကနဦး တုံ့ပြန်ချက်တွေကြောင့် ကာလရှည်ကြာ အနားယူရနိုင်သော ACL ဒဏ်ရာမျိုး ဖြစ်နေမှာကို စိုးရိမ်လျက် ရှိနေပါတယ်။ တကယ်လို့ ဒူးအရွှတ်ဒဏ်ရာသာဆိုရင် ဘရိုဟာအနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ လက်ကျန်ပွဲစဉ်အားလုံးကို လွဲချော်ရတော့မှာပဲ ဖြစ်ပါတယ်။
Photo Credit : The Sun
ဒီလိုသာ အနားယူရမယ်ဆိုရင်တော့ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းက ကစားသမားအင်အား လျှော့နည်းမှုတွေ ဖြစ်လာနိုင်တဲ့အတွက် လာမယ့် ဇန်နဝါရီဈေးကွက်ထဲမှာ တိုက်စစ်ပိုင်းအတွက် ကစားသမားသစ် ဖြည့်တင်းရဖို့ ရှိလာနိုင်ပါတယ်။ လက်ရှိ ချယ်လ်ဆီးရဲ့ တိုက်စစ်ပိုင်းမှာ အူဘာမီယန်း စတာလင် ပူလီဆစ် ဇီယက်ရှ်တို့ ရှိနေပေမယ့် ဒီကစားသမားတွေံရဲ့ စွမ်းဆောင်ရည်ပိုင်းက အားရစရာကောင်းတဲ့ အနေအထားမှာ ရှိမနေကြတဲ့အပြင် ပူလီဆစ်နဲ့ ဇီယက်ရှ်တို့ရဲ့ အနာဂတ် အခြေအနေတွေကလည်း မရေမရာ ဖြစ်နေတာမို့ ချယ်လ်ဆီးဘက်က တိုက်စစ်ပိုင်းကို မဖြစ်မနေ အားဖြည့်ရနိုင်ပါတယ်။ ဒါပေမယ့် နွေဈေးကွက်တုန်းက ကစားသမားသစ် ခေါ်ယူမှုတွေအတွက် ငွေကြေး အမြောက်အများ အသုံးပြုထားခဲ့တဲ့ ချယ်လ်ဆီးအသင်းက အခု ဆောင်းဈေးကွက်မှာပါ ထပ်မံ ငွေသုံးစွဲဦးမလားဆိုတာ မသေချာသေးပေမယ့် ကလပ်အသင်းရဲ့ လက်ရှိအခြေအနေတွေကြောင့်တော့ တိုက်စစ်ကစားသမားတစ်ဦးကို အရ ခေါ်ယူဖွယ် ရှိနေသလို အသင်းပိုင်ရှင် ဘိုလေ အလိုရှိနေတဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုကိုလည်း ထပ်မံ ကြိုးပမ်းဖွယ်လည်း ရှိလာနိုင်ပါတယ်။