ချယ်လ်ဆီးအသင်းရဲ့ ဘယ်နောက်ခံကစားသမား ဘင်ချီဝဲလ်ဟာ မနေ့ညက စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းအတွင်း ဝက်စ်ဟမ်းယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်ကစားခဲ့ရင်းနဲ့ ညာဘက်ခြေချင်းဝတ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ဆက်လက်ကစားနိုင်ခြင်းမရှိတော့ပဲ အီမာဆန်နဲ့ပါ လူစားလဲခဲ့ရသလို လက်ရှိမှာတော့ ဒဏ်ရာအခြေအနေကို အသေးစိတ်မရှိရသေးပေမယ့် အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက်တော့ မရေမရာ ဖြစ်နေတယ်လို့ နည်းပြဖရန့်လမ်းပတ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Premier League

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ဘယ်နောက်ခံကစားသမား ဘင်ချီဝဲလ်ဟာ ဒီနှစ်ဘောလုံးရာသီမှာပဲ လက်စတာကနေ ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် အထူးခြေစွမ်းပြထားနိုင်တဲ့ နောက်ခံအစွန်လူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ(၁၇)ပွဲအထိတောင် ပါဝင်ကစားထားခဲ့တဲ့ ဘင်ချီဝဲလ်ဟာ အသင်းကို စတင်ရောက်ရှိလာချိန်တုန်းကလည်း သူရဲ့ခြေထောက်ဒဏ်ရာကြောင့် အသင်းရဲ့ပွဲစဉ်တချို့ကို လွဲချော်ထားခဲ့သေးပြီး အခုလည်း ခြေချင်းဝတ်ဒဏ်ရာ ထပ်မံရရှိခဲ့ပြန်တာကြောင့် ရက်အနည်းငယ်ခန့်လောက် အနားယူရဖွယ် ရှိနေပါတယ်။

Photo Credit : SI

ချီဝဲလ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး နည်းပြလမ်းပတ်က “သူအနေနဲ့ အာဆင်နယ်နဲ့ပွဲအတွက် မသေချာမရေရာတာမျိုး ဖြစ်နေလိမ့်မယ်လို့ ထင်မိပါတယ်။ သူရဲ့ခြေချင်းဝတ်ကို ထိခိုက်မိသွားခဲ့တာ။ အတော်လေးကို နာကျင်နေလိမ့်မယ်။ ကျွန်တော်တို့တွေ ဒီရက်ပိုင်းအတွင်းမှာပဲ သူရဲ့ဒဏ်ရာအခြေအနေက ဘယ်လောက်ထိ ဖြစ်သွားမလဲဆိုတာကို စစ်ဆေးကြမယ်။ စစ်ဆေးပြီးရင်တော့ အကြောင်းပြန်ပေးသွားပါမယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ကတော့ လက်ရှိမှာ အသင်းရဲ့နောက်ခံအစွန်လူတွေရဲ့ ဒဏ်ရာပြသာနာတွေကြောင့် ဒီဇင်ဘာပွဲကျပ်ကာလကို ခက်ခက်ခဲခဲ ဖြတ်သန်းရဖွယ် ရှိနေပါတယ်။ လတ်တလောမှာ အသင်းရဲ့ ညာနောက်ခံကစားသမားတစ်ဦးဖြစ်တဲ့ ရီးစ်ဂျိမ်းစ်ဟာလည်း ဒူးဒဏ်ရာကို ခွဲစိတ်ကုသဖို့ လိုအပ်နေတဲ့အတွက် ရက်သတ္တပတ်အနည်းငယ်ခန့် အနားယူရဖွယ် ရှိနေသလို ဘင်ချီဝဲလ်ရဲ့ ဒဏ်ရာအခြေအနေကပါ ထင်ထားတာထက် ပိုဆိုးရွှ့ားခဲ့မယ်ဆိုရင်တော့ အရန်ခုံပေါ်ရောက်နေတဲ့ အလွန်ဆို အီမာဆန်တို့ကို ပြန်လည်နေရာပေးလာရနိုင်ပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီးဟာ ဝက်စ်ဟမ်းကို အနိုင်ရထားခဲ့အတွက် အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာကို ပြန်လည်တတ်လှမ်းထားနိုင်ခဲ့ပါတယ်။