ချယ်လ်ဆီးအသင်းကတော့ ပြင်သစ်လီဂူးကလပ် ရန်းနက်စ်အသင်းရဲ့ ဂိုးသမားဖြစ်သူ အက်ဒွါမန်ဒီကို ပြောင်းရွှေ့ကြေး ပေါင်(၂၂)သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်နိုင်ခဲ့တဲ့နောက် အသင်းမှာ အမှားအယွင်းတွေ အရမ်းများပြားလို့နေတဲ့ စပိန်ဂိုးသမားကီပါအာရီဇာဘလာဂါကို တစ်ရာသီလောက် အငှားချသွားဖို့ စတင်စဉ်းစားလာခဲ့ပြီဖြစ်ကာ ဒီဂိုးသမားကိုလည်း စပိန်လာလီဂါ ကလပ်အသင်းတွေများစွာကနေ အငှားနဲ့ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြလျက်ရှိကြောင်း သိရှိရပါတယ်။

Photo Credit : Daily Mail

အသက်(၂၅)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် ဂိုးသမားကီပါဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်ကမှ လာလီဂါကလပ် ဘီလ်ဘာအိုအသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ဂိုးသမားတစ်ယောက်ရဲ့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်(၇၂)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက်လည်း လက်စွမ်းပြသမှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ သူရဲ့အမှားတွေက တဖြည်းဖြည်းများလာခဲ့တာကြောင့် အခုလို ဂိုးသမားသစ်တစ်ယောက်ကိုပါ မဖြစ်မနေ ခေါ်ယူလိုက်ရတာဖြစ်ပါတယ်။ အခုဆိုရင် အသင်းကို မန်ဒီလည်း ရောက်ရှိလာပြီဖြစ်လို့ ချယ်လ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ကီပါကို အသင်းကနေ တစ်ရာသီလောက် အငှားချသွားဖို့ စတင်ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit : Daily Mail

ကီပါဟာ ချယ်လ်ဆီးအသင်းရဲ့ ဒီရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲနဲ့ လီဗာပူးလ်အသင်းတို့ကို အရေးနိမ့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂)တို့မှာ သူရဲ့အမှားတွေကြောင့် သွင်းဂိုးတွေ ခွင့်ပြုခဲ့ရတဲ့အပေါ် လမ်းပတ်ကိုယ်တိုင် စိတ်ပျက်လို့နေတဲ့အပြင် ဘောလုံးသမားဟောင်းတွေဖြစ်တဲ့ ဂျင်မီကာရေဂါနဲ့ ဂယ်ရီနဖီးလ်တို့ကလည်း ချယ်လ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ဂိုးပေါက်မှာ ကီပါကို ဆက်သုံးနေသမျှ ပရီးမီးယားလိဂ်ဖလားကို လုံးဝရနိုင်မှာမဟုတ်ဘူးလို့ အပြင်းအထန် ဝေဖန်ထားခဲ့ပါတယ်။ လက်ရှိမှာ အသင်းရဲ့ ဒါရိုက်တာတစ်ဦးအဖြစ် တာဝန်ယူဆောင်ရွှက်လို့နေတဲ့ ဂိုးသမားဟောင်းကြီး ပီတာချက်ကိုယ်တိုင်က အသင်းကို ရောက်ရှိလာတဲ့ ဂိုးသမားသစ်မန်ဒီကို အသင်းရဲ့ပင်တိုင်ဂိုးသမားဖြစ်လာနိုင်သူလို့ ယူဆထားသူဖြစ်ပြီး နည်းပြလမ်းပတ်ကလည်း အသင်းရဲ့ဂိုးသမားအဖြစ် မန်ဒီကိုပဲ ဦးစားပေးသုံးစွဲလာဖွယ် ရှိနေကာ အရန်ဂိုးသမားကိုလည်း ကီပါအစား ဝါရင့်ဂိုးသမားကြီး ဝီလီကာဘယ်ရယ်လိုကိုပဲ အသုံးပြုလာနိုင်ပါတယ်။ လက်ရှိမှာတော့ ကီပါကို လာလီဂါကလပ်အသင်းတွေဖြစ်တဲ့ ဆီဗီလာနဲ့ ဗလင်စီယာအသင်းတွေက အပြိုင်စိတ်ဝင်စားလျက် ရှိနေပါတယ်။