ဒီနှစ် နွေဈေးကွက်အတွင်းမှာ အနာဂတ် အခြေအနေ အလှုပ်ခတ်ဆုံး ကစားသမား ဖြစ်နေရတဲ့ ဖရန်ကီဒီယောင်းကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲမှာ ချယ်လ်ဆီးအသင်းလည်း ပါဝင်လို့နေပြီး ချယ်လ်ဆီးဘက်က သူတို့ရဲ့ ကွင်းလယ်လူ အန်ဂိုလိုကန်တေကို စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေနိုင်ခဲ့ဘူးဆိုရင် ဒီယောင်းကို အရ ခေါ်ယူဖွယ် ရှိနိုင်တယ်လို့ ဂျာမနီထိပ်သီး သတင်းစာ Blid ရဲ့ ဂျာနယ်လစ် Christian Falk က ဖော်ပြသွားခဲ့ပါတယ်။

Frenkie de Jong starts for Barcelona against New York Red Bulls - Football  España

Photo Credit : Football Espana

ချယ်လ်ဆီးအသင်းဟာ ဒီနွေဈေးကွက်ထဲမှာ တောင်ပံတိုက်စစ် ကစားသမား ရာဟင်စတာလင်နဲ့ နောက်ခံလူ ကာလီဒိုကူလီဘလီတို့ကို ခေါ်ယူထားခဲ့ပြီးနောက် ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူသွားဖို့ ဆက်လက် လုပ်ဆောင်နေပြီး အသင်းက ခေါ်ယူချင်နေတဲ့ ကစားသမားစာရင်းထဲမှာလည်း ဘာစီလိုနာအသင်းရဲ့ နယ်သာလန် ကွင်းလယ်လူ ဒီယောင်းပါ ပါဝင်နေပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ ဒီနွေဈေးကွက်အတွင်း အသင်းအတွက် တိုက်စစ်နဲ့ ခံစစ်ပိုင်းကို ပိုမို ဦးစားပေး အားဖြည့်ဖို့ လိုအပ်နေတာ ဆိုပေမယ့်လည်း အသင်းရဲ့ အဓိက ကွင်းလယ်လူဖြစ်တဲ့ ကန်တေက အသင်းနဲ့ တစ်နှစ် စာချုပ်သက်တမ်းသာ ကျန်ရှိနေတော့တာဖြစ်လို့ ကန်တေကိုသာ စာချုပ်သက်တမ်း မတိုးမြှင့်နိုင်ခဲ့ဘူးဆိုရင် အသင်းရဲ့ ပစ်မှတ်ဖြစ်သူ ဒီယောင်းကို ကမ်းလှမ်းသွားဖွယ် ရှိနိုင်ပါတယ်။

Pay Frenkie his money! Man Utd legend Neville calls for De Jong to 'take  legal action against Barcelona' | Goal.com

Photo Credit : Goal

ဈေးကွက်ထဲမှာ ကစားသမား အများအပြားကို ခေါ်ယူထားခဲ့တဲ့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ဘဏ္ဍာရေးဟန်ချက် ညီမျှနေစေဖို့အတွက် အသင်းကနေ ကစားသမားတချို့ကို မဖြစ်မနေ ရောင်းထုတ်ရဖွယ် ရှိနေပြီး ဒီကစားသမားတွေထဲမှာ ဒီယောင်းလည်း ပါဝင်နေရပါတယ်။ ဒီယောင်း ကိုယ်တိုင်ကတော့ ဘာစီလိုနာအသင်းမှာသာ ဆက်လက် ရှိနေချင်သလို အသင်းနည်းပြ ဇာဗီနဲ့ အသင်းဥက္ကဌ လာပေါ်တာတို့ကလည်း ဒီယောင်းကို အသင်းမှာပဲ ဆက်ရှိနေချင်ကြပေမယ့် အသင်းက ဈေးကွက်ထဲမှာ ခွန်ဒဲ လီဝန်ဒေါစကီး ရာဖင်ညာတို့အတွက် ယူရို(၁၅၃)သန်းအထိကို အသုံးပြုထားခဲ့ရတာဖြစ်လို့ ကစားသမား ရောင်းချမှုကနေလည်း ဝင်ငွေတချို့ ပြန်လည် ရရှိဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ လက်ရှိတန်ကြေးအရ ယူရိုသန်း(၆၀)လောက်အထိ ရှိနေသူ ဒီယောင်းကို မန်ချက်စတာယူနိုက်တက်နဲ့အပြိုင် ချယ်လ်ဆီးအသင်းက စိတ်ဝင်စားနေပြီး ကန်တေ ကိုဗာချစ် ဂျော်ဂျင်ဟိုတို့လောက်သာ လောက်လောက်ငှာငှာ ရှိနေတဲ့ ကွင်းလယ်မှာ ကန်တေကိုသာ ဆုံးရှုံးရမယ်ဆိုရင် ဒီယောင်းကို မဖြစ်မနေ ခေါ်ယူသွားဖွယ် ရှိနေပြီး လာမယ့်နှစ်လောက်မှသာ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။