ဒီနှစ်ဘောလုံးရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသလျက်ရှိနေပြီး အဖွင့်ပွဲစဉ်(၃)ပွဲမှာ နိုင်ပွဲ(၂)ပွဲ သရေပွဲ(၁)ပွဲနဲ့ ရမှတ်(၇)မှတ်အထိ စုဆောင်းထားနိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ အခုတစ်ပတ်မှာတော့ အက်စတွန်ဗီလာအသင်းနဲ့ စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းကြီးမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး အဲ့ဒီပွဲစဉ်ကိုသာ အနိုင်ရခဲ့မယ်ဆိုရင်တော့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲအရေအတွက် ပွဲ(၆၀၀)ပြည့်မြောက်မယ့် ဒုတိယမြောက်အသင်း ဖြစ်လာရတော့မယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

ဥရောပချန်ပီယံလိဂ်နဲ့ ဥရောပစူပါဖလားပြိုင်ပွဲတွေရဲ့ ချန်ပီယံ ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာလည်း သူတို့အသင်းရဲ့ အကောင်းဆုံးစွမ်းရည်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး အားနည်းနေတဲ့ တိုက်စစ်ပိုင်းအတွက်ကိုလည်း ကစားသမားဟောင်း လူကာကူနဲ့ ပြန်လည်အင်အားဖြည့်တင်းလို့ ထားပါတယ်။ လက်ရှိမှာ အသင်းလိုက်စွမ်းရည်ရော ရလဒ်တွေပါ ကောင်းမွန်လို့နေတဲ့ ချယ်လ်ဆီးအသင်းက ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းကို အမှတ်ပေးချန်ပီယံဆုအတွက် စိန်ခေါ်မှုအရှိဆုံး အသင်းတစ်သင်းအဖြစ်နဲ့ပါ သတ်မှတ်နေကြပါတယ်။

Photo Credit : Cheslsea Twitter

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် မတ်လ(၁၉)ရက်နေ့က မန်ချက်စတာယူနိုက်တက်အသင်းဟာ မစ်ဒယ်ဘရော့အသင်းကို အဝေးကွင်းမှာ အနိုင်ယူခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပထမဆုံးသော နိုင်ပွဲအရေအတွက် (၆၀၀)ပြည့်တဲ့ ကလပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ရပြီး အခုလည်း နို်င်ပွဲပေါင်း (၅၉၉)အထိ ရရှိလို့ထားတဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ ဒီတစ်ပတ်အတွင်းမှာ အက်စတွန်ဗီလာအသင်းကို အနိုင်ရလိုက်မယ်ဆိုရင်တော့ ယူနိုက်တက်နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဒုတိယမြောက် နိုင်ပွဲ(၆၀၀)ပြည့်တဲ့ ဒုတိယမြောက် ကလပ်အသင်းအဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။ ဗီလာအသင်းကလည်း ကစားသမားကောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းကောင်းတစ်သင်းဆိုပေမယ့် ချယ်လ်ဆီးအသင်းနဲ့ စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းအတွင်း လာရောက်ရင်ဆိုင်ရခဲ့တဲ့ ပွဲစဉ်တွေမှာ ၂၀၁၁နောက်ပိုင်းကတည်းက ရလဒ်လုံးဝ မကောင်းထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း (၃)ပွဲကစားအပြီး နိုင်ပွဲ(၁)ပွဲသာ ရရှိထားတဲ့ ဗီလာအနေနဲ့ အဝေးကွင်းမှာ Form ကောင်းလို့နေတဲ့ ချယ်လ်ဆီးအသင်းဆီကနေ ရမှတ်ခွဲယူနိုင်ဖို့ မလွယ်ကူပဲ ချယ်လ်ဆီးအသင်းသာ နိုင်ပွဲ(၆၀၀) ပြည့်မြောက်ရဖွယ်သာ ရှိနေရပါတယ်။