ဒီနှစ်ဘောလုံးရာသီအစမှာ Transfer Ban ကြောင့် ကစားသမားသစ် ခေါ်ယူခွင့်မရခဲ့သလို Transfer Ban ကနေ လွတ်မြောက်ခဲ့ပေမယ့်လည်း ဆောင်းရာသီစျေးကွက်မှာ အင်အားဖြည့်တင်းမှုတွေ မလုပ်ဆောင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့်ဘောလုံးရာသီမှာတော့ အသင်းမှာ လိုအပ်နေတဲ့ နေရာတွေအတွက် ကစားသမားသစ်ပေါင်းများစွာကို ခေါ်ယူသွားဖွယ်ရှိလို့နေပါတယ်။ ဒီလို ချယ်လ်ဆီးအသင်းကနေ ပစ်မှတ်ထားလို့နေတဲ့ ကစားသမားတွေရဲ့စာရင်းထဲမှာ အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမားဟောင်း ဂျယ်ရမီဘိုဂါပါ ပါဝင်လျက်ရှိနေတယ်လို့ သတင်းများကနေ ဖော်ပြလာခဲ့ကြပါတယ်။
Photo Credit : Getty Images
အသက်၂၃နှစ်အရွှယ်ရှိ တောင်ပံကစားသမား ဂျယ်ရမီဘိုဂါက ချယ်လ်ဆီးလူငယ်အသင်းနဲ့ ၂၀၀၉ခုနှစ်ကမှ စတင်ပူးပေါင်းခဲ့တာဖြစ်ပြီး ၂၀၁၅ခုနှစ်မှုာ စီနီယာအသင်းနဲ့ ပူးပေါင်းခွင့်ရခဲ့ပေမယ့်လည်း အသင်းအတွက် တစ်ပွဲမှကို ပါဝင်ကစားရခြင်းမရှိပဲ ရန်းစ် ဘာမင်ဂမ် ဂရန်နာဒါအသင်းတွေမှာ အငှားကစားသမားဘဝနဲ့ ကျင်လည်ခဲ့ရသလို ၂၀၁၈ခုနှစ်မှာလည်း ဆာဆူအိုလိုအသင်းကို အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။ ဆာဆူအိုလိုအသင်းကို ပေါင်၃.၅သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဘိုဂါဟာ လက်ရှိမှာ အသင်းနဲ့အတူ ဒုတိယမြောက် ဘောလုံးရာသီကို ဆက်လက်ဖြတ်သန်းနေလျက်ရှိကာ ဒီရာသီမှာလည်း ဆာဆူအိုလိုအသင်းအတွက် စီးရီးအေသွင်းဂိုးရဂိုးနဲ့ ဂိုးဖန်တီးမှု၄ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။
Photo Credit : Getty Images
လက်ရှိမှာ ဆာဆူအိုလိုအသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲဲ့ ဂျယ်ရမီဘိုဂါကို သူရဲ့အသင်းဟောင်းချယ်လ်ဆီးကနေ ပြန်လည်ခေါ်ယူသွားဖို့ အထူးစိတ်ဝင်စားနေပြီး ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာဖို့ရှိနေတဲ့ ဝါရင့်ဘရာဇီးတောင်ပံကစားသမား ဝီလီယံနေရာမှာ အစားထိုးသွားဖွယ်ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဘိုဂါကို အသင်းကနေ ရောင်းထုတ်စဉ်ကတည်းက ပြန်လည်ခေါ်ယူလိုချိန်မှာ ရောင်းချခွင့်ပေးရမယ်ဆိုတဲ့ အချက်တစ်ခုကို စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုခဲ့တာဖြစ်လို့ ချယ်လ်ဆီးဘက်ကနေ ပေါင်၁၅သန်းနဲ့ ပြန်လည်ခေါ်ယူဖို့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ဆာဆူအိုလိုဘက်ကနေ လက်ခံရဖွယ်ရှိနေပါတယ်။ လက်ရှိမှာလည်း ဘိုဂါရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ချယ်လ်ဆီးနဲ့ ဆာဆူအိုလိုအသင်းတို့ကြားမှာ ဆွေးနွေးညှိျနှိုင်းမှုတွေကို ပြုလုပ်နေလျက်ရှိကာ ဇွန်လမှာပဲ အပြောင်းအရွှေ့အထမြောက်သွားဖွယ်ရှိနေတယ်လို့ ဆာဆူအိုလိုဘက်ကနေ ထုတ်ပြန်ပြောဆိုသွားခဲ့ပါတယ်။