ခါရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်မှာ ဘရိုက်တန်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရလိုက်ခြင်းက ဒီနှစ် ဘောလုံးရာသီ ချယ်လ်ဆီးအသင်းအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်ရမယ်လို့ ချယ်လ်ဆီးနည်းပြ မော်ရစ်စီယို ပိုချက်တီနိုက ပြောဆိုလာခဲ့ပါတယ်။

ဒီရာသီထဲ ရလဒ်ပိုင်းမှာ အားရစရာ မရှိတဲ့ ချယ်လ်ဆီးအသင်းဟာ ခါရာဘောင်း လိဂ်ဖလား တတိယအဆင့်မှာ ဘရိုက်တန်အသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး စတုတ္ထအဆင့်ထိ တက်လှမ်းခဲ့ကာ စတုတ္ထမှာတော့ ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းအသင်းနဲ့ ရင်ဆိုင်သွားရပါမယ်။

Photo Credit : Chelsea Twitter X

ဒီပွဲမှာ ချယ်လ်ဆီးရဲ့ တိုက်စစ် ကစားသမား နီကိုလပ်စ် ဂျက်ဆင်က အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးသွားနိုင်ခဲ့ပြီး နောက်ထပ် တစ်ဂိုးကိုလည်း ထပ်မံ သွင်းယူခဲ့ပေမယ့် လူကျွံဘော ဖြစ်နေတာကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။

ချယ်လ်ဆီးက ဒီရာသီမှာ တိုက်စစ်ပိုင်း အားနည်းချက်တွေ ရှိနေရပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တိုက်စစ်မှူး ဂျက်ဆင်ဟာလည်း ဒီပွဲရဲ့ ပထမပိုင်းမှာ ညံ့ဖျင်းမှုတွေ ရှိခဲ့ရပေမယ့် အသင်းအတွက် လိုအပ်နေသော ဂိုးကိုတော့ အရ သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : Fabrizio Romano Twitter X

ဒီနိုင်ပွဲနဲ့ ပတ်သက်ပြီး နည်းပြ ပိုချက်တီနိုက “ဒီပွဲရလဒ်က ဒီရာသီအတွက် အလှည့်အပြောင်း ဖြစ်သင့်ပြီ။ ဖြစ်ကို ဖြစ်ရပါမယ်။ အချိန်လည်းကျပါပြီ။ ဒီနေ့မှာ ကျွန်တော်တို့တွေ အပြုသဘောဆောင်တဲ့ အရာများစွာ ရှိခဲ့ရတယ်။ ကစားသမားတွေကလည်း အသင်းအတွက်ကို အကောင်းဆုံး ပေးဆပ်ပြီး တိုက်ပွဲဝင်သွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

အခုလို ပရီးမီးယားလိဂ်ရဲ့ အသင်းကောင်းတစ်သင်းဖြစ်တဲ့ ဘရိုက်တန်ကို အနိုင်ယူ ကျော်ဖြတ်ထားတဲ့ ချယ်လ်ဆီးဟာ အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ လန်ဒန်မြို့ခံကလပ် ဖူလ်ဟမ်အသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး အဲ့ဒီနောက်ပိုင်း ပွဲကျပ်တွေ ဆက်တိုက် ကစားသွားရဖို့လည်း ရှိနေပါတယ်။