တစ်ကမ္ဘာလုံးဖြစ်ပွားလို့နေတဲ့ ကူးစက်မြန်ဗိုင်းရပ်စ်ပိုး ကိုုရိုနာဗိုင်းရပ်စ်ပြသာနာကြောင့် (၃)လနီးပါးလောက် ရပ်နားထားခဲ့ရတဲ့ ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲကြီးကို မကြာခင်မှာပဲ စတင်တော့မှာဖြစ်တဲ့အတွက် ဒီအချိန်မှာ ကလပ်အသင်းတိုင်းလိုလိုက ပြင်ဆင်မှုတွေများစွာကို ပြုလုပ်နေကြလျက်ရှိပြီး အသင်းတချို့ဆိုရင်လည်း တခြားသော ကလပ်အသင်းတွေနဲ့ ခြေစမ်းပွဲကစားမှုတွေ ပြုလုပ်လျက်ရှိကာ မနေ့ညက ကစားသွားခဲ့တဲ့ ခြေစမ်းပွဲတွေမှာတော့ ချယ်လ်ဆီးက ကပ်အနိုင်ရခဲ့ပြီး အာဆင်နယ်ကတော့ အရေးနိမ့်သွားခဲ့ပါတယ်။

Photo Credit : The Sun

ချယ်လ်ဆီးအသင်းကတော့ မနေ့ညက ချန်ပီယံရှစ်ကလပ် ရက်ဒင်းအသင်းနဲ့ ခြေစမ်းပွဲကစားခဲ့တာဖြစ်ပြီး အသင်းရဲ့လူစာရင်းမှာ ကစားသမားအစုံအလင် ပါဝင်ကစားခဲ့ကာ အသင်းအတွက် အနိုင်ဂိုးကိုတော့ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တောင်ပံကစားသမား ပတ်ဒရိုက သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ဒဏ်ရာကြောင့် သက်တမ်းရှည်အနားယူနေရတဲ့ ကွင်းလယ်လူ လော့တပ်ချိဖ် ပြန်လည်ပါဝင်လာခဲ့သလို အသင်းနဲ့ လေ့ကျင့်ခန်းပြန်ဆင်းလို့နေတဲ့ ကန်တီလည်း ပါဝင်ကစားခဲ့ပါတယ်။ နိုင်ပွဲရသွားခဲ့တဲ့ ချယ်လ်ဆီးကတော့ လာမယ့်၂၁ရက်နေ့မှာ အက်စတွန်ဗီလာနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ဆင်နွဲရမှာပဲဖြစ်ပါတယ်။

Photo Credit : The Sun

ချယ်လ်ဆီးရဲ့ လန်ဒန်မြို့ခံအသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ်ကတော့ ပြီးခဲ့တဲ့ ခြေစမ်းပွဲမှာ ချာတန်ကို (၆)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပေမယ့် အခုပွဲစဉ်မှာတော့ နောက်ထပ်ချန်ပီယံရှစ်ကလပ် ဘရန့်ဖိုဒ့်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ (၂)ဂိုး (၃)ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ပထမပိုင်း ပွဲကစားချိန်အတွင်း ကွင်းလယ်ကစားသမား ဝီလော့ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုး ပြန်လည်ခွင့်ပြုခဲ့ရပြီး လာကာဇက်က ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အနိုင်ရလဒ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းမရှိပဲ ချေပဂိုးတွေနဲ့ အနိုင်ဂိုးတွေ ဆက်လက်ခွင့်ပြုခဲ့ရရင်း အရေးနိမ့်သွားခဲ့ရတာပဲဖြစ်ပါတယ်။