နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ဘယ်ခြမ်းခံစစ်နေရာအတွက် ကစားသမားသစ်တစ်ယောက်ကို ရှာဖွေလျက်ရှိနေတဲ့ ချယ်လ်ဆီးအသင်းကတော့ သူတို့ရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ လက်စတာနောက်ခံလူ ဘန်ချီဝဲလ်ကို ခေါ်ယူသွားဖို့ ပြောင်းရွှေ့ကြေးပိုင်းမှာ အခက်အခဲဖြစ်နေရတာကြောင့် တခြားခံစစ်အစွန်လူတွေကိုပဲ ပြောင်းလဲပစ်မှတ်ထားလာခဲ့ရာ ဂီတာဖေးအသင်းရဲ့စပိန်နောက်ခံကစားသမား မက်ခ်ကူကူရယ်လာကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး ကမ်းလှမ်းမှုတွေကို မကြာခင်မှာ ပြုလုပ်လာဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

အသက်(၂၂)နှစ်သာရှိသေးတဲ့ စပိန်ဘယ်နောက်ခံကစားသမား ကူကူရယ်လာဟာ ဘာစီလိုနာအသင်းရဲ့ကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့နွေစျေးကွက်အတွင်းကမှ ဂီတာဖေးအသင်းဆီကို အငှားနဲ့ရောက်ရှိလာခဲ့တာဖြစ်ကာ အသင်းမှာ ခြေစွမ်းတွေ အထူးပြသထားနိုင်ခဲ့လို့ ပြီးခဲ့တဲ့ ဇူလိုင်လကပဲ ဂီတာဖေးအသင်းကနေ သူ့ကို အပြီးသတ်ခေါ်ယူခဲ့ပါတယ်။ လာလီဂါမှာရော ယူရိုပါလိဂ်မှာပါ ဂီတာဖေးအသင်းအတွက် ခြေစွမ်းပြသထားနိုင်ခဲ့တဲ့ ကူကူရယ်လာကို ချယ်လ်ဆီးအသင်းကနေ စတင်စိတ်ဝင်စားလာခဲ့ပြီး ခေါ်ယူသွားဖို့အထိပါ ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Marca

လာမယ့်ဘောလုံးရာသီသစ်အတွက် ဟာကင်ဇီယက်နဲ့ တီမိုဝါနာတို့ကို ခေါ်ယူအားဖြည့်ထားခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ခံစစ်ပိုင်းကိုပါ ဆက်လက်အင်အားဖြည့်သွားဖို့ ပြင်ဆင်လျက်ရှိနေပြီး ဗဟိုခံစစ်ကစားသမား ဘယ်နောက်ခံလူတစ်ယောက်နဲ့ ဂိုးသမားတစ်ယောက် ခေါ်ယူဖွယ်ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းဟာ မားကို့စ်အလွန်ဆိုကိုရော အီမာဆန်ကိုပါ အသင်းကနေ ရောင်းထုတ်သွားဖွယ်ရှိနေတဲ့အတွက် ဘယ်ခြမ်းခံစစ်နေရာမှာ ကစားနိုင်မယ့် ဘယ်နောက်ခံလူတစ်ယောက်ကို ရှာဖွေနေတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ဆီဗီလာအသင်းမှာ အငှားနဲ့သွားရောက်ကစားနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဘယ်နောက်ခံကစားသမား ရယ်ဂီလွန်နဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့်လည်း ရယ်ဂီလွန်ကိုယ်တိုင်က စပိန်လာလီဂါမှာသာ ဆက်လက်ကစားဖို့ ဆန္ဒရှိနေတာကြောင့် ကူကူရယ်လာဘက်ကို မြှားဦးလှည့်လာခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ ဂီတာဖေးအသင်းအတွက် ပြိုင်ပွဲစုံ(၂၂)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး အသင်းရဲ့အမာခံကစားသမားတစ်ယောက်အဖြစ် ရပ်တည်လာနိုင်ခဲ့တဲ့ နောက်ခံလူကူကူရယ်လာကို ဂီတာဖေးအသင်းဘက်ကနေ ပြန်လည်ရောင်းထုတ်သွားဖို့ အစီအစဉ်မရှိတာကြောင့် ဒီတစ်ခါမှာလည်း ချယ်လ်ဆီးအသင်းအတွက် အကျပ်ရိုက်ရဖွယ် ရှိနေပါတယ်။