ချယ်လ်ဆီးအသင်းဟာ အသက်လက်တီကိုမက်ဒရစ်အသင်းကနေ ရာသီဝက် အငှားစာချုပ်နဲ့ ခေါ်ယူထားတဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမား ဂျာအိုဖီးလစ်ကို အပြီးသတ် ခေါ်ယူနိုင်ဖို့အတွက် အသင်းရဲ့ တိုက်စစ်ကစားသမား အူဘာမီယန်းကိုပါ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးပြုသွားဖွယ် ရှိနေပါတယ်။

Chelsea eye second Joao Felix loan with Blues hierarchy unwilling to match  Atletico's €100m valuation | Goal.com US

Photo Credit : Goal

ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်ကစားသမား ဖီးလစ်ဟာ ပြီးခဲ့တဲ့ ဆောင်းဈေးကွက်ကမှ အသက်လက်တီကိုကနေ ချယ်လ်ဆီးအသင်းဆီ ရာသီကုန်အထိ အငှားနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူ့ကို ချယ်လ်ဆီးဘက်က အပြီးသတ် ခေါ်ယူချင်နေသလို ကစားသမားကိုယ်တိုင်ကလည်း အသက်လက်တီကိုဆီ မပြန်ချင်တော့ပဲ ချယ်လ်ဆီးမှာသာ ဆက်ကစားချင်နေပါတယ်။ ဒါကြောင့် ချယ်လ်ဆီးက လာမယ့်နွေမှာ ဖီးလစ်ကို တစ်ခါတည်း အပြီးသတ် ခေါ်ယူချင်ပေမယ့် သူရဲ့ပြောင်းရွှေ့ကြေးက ပေါင်(၈၇)သန်း ယူရို သန်း(၉၀)ဝန်းကျင် ရှိနေတဲ့အတွက် ကမ်းလှမ်းဖို့ ခက်ခဲနေရပါတယ်။

Photo Credit : The Mirror

ဒီအချိန်မှာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ လိုအပ်နေတဲ့ အသက်လက်တီကိုအသင်းက ချယ်လ်ဆီး တိုက်စစ်မှူး အူဘာမီယန်းကို စိတ်ဝင်စားလာခဲ့တာကြောင့် ချယ်လ်ဆီးအနေနဲ့ ဖီးလစ်ကို အပြီးသတ် ခေါ်ယူရာမှာ ပြောင်းရွှေ့ကြေး တချို့ရယ် အူဘာမီယန်းကိုပါ အလိုက်ပေး ကမ်းလှမ်းသွားဖွယ် ရှိလာခဲ့ရပါတယ်။ ဒေါ့မွန် အာဆင်နယ် ဘာစီလိုနာအသင်းတို့ရဲ့ ကစားသမားဟောင်းကြီး အူဘာမီယန်းက ဒီရာသီမှ ချယ်လ်ဆီးကို ပြောင်းရွှေ့လာခဲ့ပေမယ့် အသင်းမှာ လောက်လောက်ငှငှ ပွဲကစားခွင့်တွေ မရရှိထားသလို ကစားခွင့်ရချိန်မှာလည်း အသင်းအတွက် ဘာမှ မယ်မယ်ရရ စွမ်းဆောင်နိုင်ခြင်း မရှိလို့ လာမယ့်နွေမှာပဲ သူ့ကို အသင်းက ပြန်လည် ရောင်းထုတ်သွားချင်နေပါတယ်။

အူဘာမီယန်း ကိုယ်တိုင်ကတော့ သူ့အသင်းဟောင်း ဘာစီလိုနာကို ပြန်သွားချင်နေပေမယ့် ဘာစီလိုနာက လီယွန်နယ်မက်ဆီကိုသာ ပြန်ခေါ်ယူဖို့ ဦးစားပေး ကြိုးပမ်းနေတာဖြစ်လို့ အူဘာဟာ ဖီးလစ်ရဲ့ အပြောင်းအရွှေ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အသက်လက်တီကိုအသင်းဆီ ရောက်ရှိသွားနိုင်ပါတယ်။