ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက သူတို့အသင်းရဲ့ နွေရာသီ ထိပ်သီးပစ်မှတ် ကစားသမားတွေထဲက တဦး ဖြစ်တဲ့ ဘရိုက်တန် ကွင်းလယ်ကြယ်ပွင့် မွိုက်စ် ကိုင်စီဒိုကို ခေါ်ယူဖို့ အတွက် ဘရိုက်တန်နဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်တော့မယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ချယ်လ်ဆီးက ယခုနွေဈေးကွက် အတွင်းမှာ ကူလီဘလီ ၊ ကန်တီ ၊ ကိုဗာဆစ် ၊ ဟားဗက်ဇ် ၊ မန်ဒီ ၊ လော့ဖ်တပ်ချိ ၊ ဇီရက်ဇ် ၊ အက်စ်ပီလီကွီတာ စတဲ့ ကစားသမားတွေကို အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့သလို ပူလီဆစ် ၊ ဂါလက်ချာ ၊ မေဆန်မောင့်  စတဲ့ ကစားသမားတွေကိုပါ အသင်းကနေ ရောင်းထုတ်ဖို့ ပြင်ဆင်ထားပါတယ်။

Photo Credit: Sky Sports

ချယ်လ်ဆီးက ကစားသမား ၁၀ဦး ဝန်းကျင်ကို အသင်းကနေ ထွက်ခွာခွင့် ပေးထားတာကြောင့် အရည်အသွေးမြင့် ကစားသမားသစ်တွေ မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေပြီး လက်ရှိမှာတော့ ချယ်လ်ဆီးက ပြင်သစ် တိုက်စစ်မှူး အန်ကွန်ကူနဲ့ ဆီနီဂေါ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင်တို့ကိုသာ ခေါ်ယူထားနိုင်ပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးက ကွင်းလယ်ပိုင်း အတွက် အားဖြည့်မှု အဖြစ် ဘရိုက်တန်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ မွိုက်စ် ကိုင်စီဒိုကို ခေါ်ယူဖို့ မျက်စိကျနေပြီး ကိုင်စီဒိုကလည်း ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Football Transfer

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ကိုင်စီဒိုနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူဖို့ နီးစပ်နေပြီးနောက် ကိုင်စီဒိုအတွက် ဘရိုက်တန်နဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေပြီး ဘရိုက်တန်ကတော့ သူတို့ရဲ့ ကစားသမား အတွက် ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေး တရပ် လိုချင်နေကြောင်း သိရပါတယ်။

ဘရိုက်တန်က သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ ကိုင်စီဒို အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း ဝန်းကျင် လိုချင်နေပြီး ချယ်လ်ဆီးကတော့ ကိုင်စီဒိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်းထက် ပိုမပေးဖို့ ဆုံးဖြတ်ထားကြောင်း နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြထားကြပါတယ်။