MySport Myanmar

ဖိုဖာနာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းတော့မယ့် ချယ်လ်ဆီး

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမား တဦး ဖြစ်သူ လက်စတာ စီးတီး ဗဟိုခံစစ်မှူး ဖိုဖာနာကို နောက်ခံလူ တဦးအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football London သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက နောက်ခံလူတွေ ဖြစ်တဲ့ ရူဒီဂါနဲ့ ခရစ်တန်ဆန်တို့ကို ဆုံးရှုံးခဲ့ရတဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ ခံစစ်ပိုင်း အတွက် ဆီနီဂေါ ဝါရင့် ခံစစ်မှူး ကူလီဘလီကို ခေါ်ယူထားနိုင်ပေမယ့် အသင်းရဲ့ ခံစစ်မှူးတွေ ဖြစ်တဲ့ ကူလီဘလီ ၊ သီယာဂို ဆေးလ်ဗားနဲ့ အက်စ်ပီလီကွီတာတို့က အသက်အရွယ် ရလာတာကြောင့် ငယ်ရွယ်ကာ ထိပ်တန်းအဆင့် ခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့ ဖိုဖာနာကို ခေါ်ယူဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

Photo Credit: Football 365

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် ယူ-၂၁ လက်ရွေးစင် ဗဟိုခံစစ်မှူး ဖိုဖာနာက စိန့်အက်တီယန်ကနေ လက်စတာ စီးတီးထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက ဗဟိုခံစစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး လူငယ် ဗဟိုခံစစ်မှူး အဖြစ်ပါ သတ်မှတ်ခံထားရသူပါ။

ဒါကြောင့်ပဲ ချယ်လ်ဆီးက ဖိုဖာနာကို ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး တဖက်မှာလည်း လက်စတာ စီးတီးက နွေဈေးကွက် ပိတ်သိမ်းဖို့ နီးကပ်နေချိန်မှာ သူတို့အသင်းရဲ့ အဓိက ခံစစ်မှူး ဖိုဖာနာအတွက် စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်မှ မရရင် မရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Football 365

လက်ရှိမှာတော့ လက်စတာ စီးတီးက ဖိုဖာနာအတွက် ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှု ၂ကြိမ် ဖြစ်တဲ့ ပေါင် ၆၀သန်းတန် ကမ်းလှမ်းမှုနဲ့ ပေါင် ၇၀သန်းတန် ကမ်းလှမ်းမှုတွေကို ငြင်းဆန် ပယ်ချထားပြီး ချယ်လ်ဆီးက ဖိုဖာနာကို ခေါ်ယူဖို့ လက်မလျှော့သေးတာကြောင့် နောက်ထပ်တကြိမ် ထပ်မံ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football London သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ဖိုဖာနာအတွက် တတိယအကြိမ် ကမ်းလှမ်းမှုကို လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပြီး ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုက လက်ရှိမှာ နောက်ခံလူ တဦး အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၈၀သန်းထက် (မက်ဂွိုင်းယားရဲ့ အပြောင်းအရွှေ့) ပိုများဖို့ ရှိနေကြောင်း သိရပါတယ်။

Exit mobile version