ယခုနှစ် နွေစျေးကွက် အတွင်းမှာ ကစားသမား ခေါ်ယူမှုတွေကို လျင်လျင်မြန်မြန်ပဲ လုပ်ဆောင် နေတဲ့ ပရီးမီးယားလိဂ် ထိပ်သီးကလပ် ချယ်လ်ဆီး အသင်းဟာ ပြင်သစ်ကလပ် နိုက်စ်အသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိထားတဲ့ ပြင်သစ် လူငယ်ခံစစ်မှူး ဆားလ်ကို ခေါ်ယူနိုင်တော့မယ် လို့ သိရှိရပါတယ်။ အင်္ဂလန်ရဲ့ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ နိုက်စ်အသင်းနဲ့ အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့ ပြင်သစ် ယူ ၂၁ လက်ရွေးစင် ဗဟိုနောက်ခံလူ ဆားလ်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီး မကြာမီမှာတော့ ဆေးစစ်မှုပြုလုပ်ကာ အပြီးသတ် ခေါ်ယူသွားမှာ ဖြစ်တယ်လို့ သိထားရပါတယ်။

Photo Credit: Chelsea Core

အသက်၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ဆားလ် ဟာ ဗဟိုနောက်ခံလူ နေရာနဲ့ ဘယ်နောက်ခံလူ နေရာတွေမှာ ကစားနိုင်သူ ဖြစ်ပြီး ဗဟိုခံစစ်မှာ ယုံကြည်စိတ်ချရတဲ့ ကစားသမားမျိုး ရှိမနေတဲ့ ချယ်လ်ဆီးအသင်း အတွက် ကောင်းမွန်တဲ့ လူအင်အား ပြည့်တင်းမှု ဖြစ်လာလိမ့်မယ်လို့ လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဆိုကြပါတယ်။ ဆားလ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ နိုက်စ်အသင်း အတွက် ပြင်သစ်လီဂူးပွဲစဉ် ၁၉ပွဲအထိ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ကာ မာကျောတဲ့ ကစားဟန်နဲ့ လျင်မြန်မှု အပြည့်ရှိသူ တစ်ဦးပါ။ ချယ်လ်ဆီးအသင်းနဲ့ နီးစပ်သူတွေရဲ့ ဖော်ပြချက်အရတော့ ချယ်လ်ဆီးအသင်းဟာ ဆားလ်ကို ၄နှစ်သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုသွားမယ် လို့လည်း သိရပါတယ်။

Photo Credit: Chelsea Core

ဆက်စပ်သတင်းတွေ အရတော့ ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ပြုလုပ်ဖို့အတွက် သူတို့အသင်းနဲ့ သဘောတူညီမှုတွေ ရရှိထားတဲ့ ဘရာဇီးလ် နောက်ခံလူ သီယာဂို ဆေးလ်ဗား ၊ အင်္ဂလန် ဘယ်နောက်ခံလူ ဘန်ချီဝဲလ်နဲ့ ဂျာမဏီ ကွင်းလယ် တိုက်စစ် ကစားသမား ကိုင်ဟားဗက် တို့ကို လာမယ့် ၃ရက်အတွင်းမှာ ဆေးစစ်မှုတွေ ပြုလုပ်သွားတော့မယ် လို့ သိရှိရပါတယ်။ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ချယ်လ်ဆီးအသင်းထံ ရောက်လာမယ့် သီယာဂို ဆေးလ်ဗားဟာ မနက်ဖြန်မှာပဲ အသင်းနဲ့အတူ ဆေးစစ်မှု ခံယူတော့မှာ ဖြစ်ကာ ချယ်လ်ဆီးအသင်းဟာ သီယာဂို ဆေးလ်ဗားကို ၂နှစ်သက်တမ်း ရှိတဲ့ စာချုပ် ချုပ်ဆိုမှာပါ။ ဒါ့အပြင် ချီဝဲလ်နဲ့ ဟားဗက်တို့ကိုတော့ ချယ်လ်ဆီးအသင်းဟာ လာမယ့် ၃ရက် အတွင်း ဆေးစစ်မှု ပြုလုပ်သွားမှာ ဖြစ်ပြီး သူတို့နှစ်ဦးစလုံးကိုတော့ ၅နှစ်သက်တမ်းရှိတဲ့ စာချုပ်တွေ ချုပ်ဆိုသွားမှာပဲ ဖြစ်ပါတယ်။