MySport Myanmar

မတ်ဆန်ကို ဗီလာဆီ လက်လွတ်ပြီး ဗီလာကနေ ကယ်လီမန်းကို ခေါ်ယူမယ့် ချယ်လ်ဆီး

ဒီနောက်ပိုင်း ဈေးကွက်တွေအတွင်းမှာ လူငယ် ကစားသမားလေးတွေကိုပဲ အဆက်မပြတ် ခေါ်ယူနေတက်တဲ့ ချယ်လ်ဆီးအသင်းဟာ အခုလည်း အက်စတွန် ဗီလာအသင်းက အင်္ဂလန် ဆယ်ကျော်သက် ကွင်းလယ်တိုက်စစ်ကစားသမားလေး အိုမာရီ ကယ်လီမန်းကို ခေါ်ယူသွားဖို့ သဘောတူညီမှုပါ ရရှိလိုက်ပြီလို့ The Telegraph ကနေ ဖော်ပြလာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက အခု နွေဈေးကွက်ထဲမှာလည်း ဖူလ်ဟမ်နောက်ခံလူ အာဒါယာဘိုင်အိုယိုကို အလွတ်နဲ့ ခေါ်ယူထားပြီးနောက် ဘရာဇီးလ် ထိပ်သီးကလပ် ပါးလ်မီးရပ်စ်အသင်းက လူငယ် ကြယ်ပွင့်ကစားသမားလေး အက်စတာဗို ဝီလီယံစ်ကို ခေါ်ယူထားခဲ့ကာ ဒီ (၁၇)နှစ်အရွယ် ကစားသမားလေးက လာမယ့် ၂၀၂၅မှာ ချယ်လ်ဆီးနဲ့ စတင် ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။

Photo Credit : The New York Times

ဒါ့အပြင် ချယ်လ်ဆီးက တိုက်စစ်ပိုင်းအတွက်ကိုလည်း အသက် (၂၀)ဝန်းကျင်သာ ရှိနေသေးတဲ့ ဗီလာ ကစားသမားလေး ဂျွန်ဒူရန် ၊ အသက်လက်တီကိုက ဆာမူ အိုမိုရိုဒီယန်နဲ့ ဟော်ဖန်ဟင်မ်က မက်စီမီလီယန် ဘိုင်ယာတို့ကိုပါ ချိန်ရွယ်နေသလို အခုလည်း တိုက်စစ်အားသန်တဲ့ ကွင်းလယ်ကစားသမားလေးဖြစ်တဲ့ ဗီလာ ကွင်းလယ်လူ ကယ်လီမန်းကို ခေါ်ယူချင်လာခဲ့ပါတယ်။

အသက် (၁၈)နှစ်သာ ရှိသေးတဲ့ အင်္ဂလန် ယူ-၂၀ ကစားသမားလေး ကယ်လီမန်းဟာ ဒါဘီလူငယ်အကယ်ဒမီကနေ ဗီလာအသင်းဆီ ရောက်ရှိလာခဲ့တာ ဖြစ်ပြီးတော့ ချယ်လ်ဆီးကစားသမားဟောင်းဖြစ်တဲ့ ကိုင်း ဟားဗက်ဇ်နဲ့ ကစားဟန်ချင်း ဆင်တူတယ်လို့ သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

Photo Credit : Youtube

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဗီလာအသင်းကြီးအတွက် ပြိုင်ပွဲစုံ (၆)ပွဲအထိ ကစားခွင့် ရထားခဲဲ့တဲ့ ကယ်လီမန်းကို ချယ်လ်ဆီးအသင်းဘက်က အနာဂတ်မှာ တောက်ပလာမယ့် ကြယ်ပွင့်လေးလို့ သတ်မှတ်ထားပြီး ခေါ်ယူဖို့လည်း ကြိုးပမ်းမှုတွေ လုပ်ဆောင်လာခဲ့ရာ အခုတော့ သဘောတူညီမှုပါ ရရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

ချယ်လ်ဆီးက ကယ်လီမန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် (၁၉)သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ခြင်းကို ဗီလာအသင်းဘက်က လက်ခံခဲ့တဲ့အပြင် ကယ်လီမန်းကိုလည်း (၆)နှစ်သက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုသွားဖို့အတွက်ပါ သဘောတူညီမှု ရရှိခဲ့တယ်လို့ The Telegrpah မှာ ဖော်ပြထားပါတယ်။ ချယ်လ်ဆီးဟာ သူတို့ရဲ့ ဘယ်နောက်ခံလူ အီယန် မတ်ဆန်ကို ဗီလာအသင်းဆီ ရောင်းချနိုင်တော့မှာဖြစ်ပြီး ဗီလာကနေ ကယ်လီမန်းအပြင် ဂျွန်ဒူရန်ကိုပါ အရ ခေါ်ယူသွားဖို့ ဆက်လက် ကြိုးပမ်းဖွယ်လည်း ရှိနေပါတယ်။

Exit mobile version