ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းကတော့ သူတို့အသင်းရဲ့ တောင်ပံတိုက်စစ် အခန်းကဏ္ဍကို အင်အား ဖြည့်တင်းဖို့အတွက် ချန်ပီယံရှစ်ကလပ် ဘရန့်ဖို့ အသင်းနဲ့အတူ ခြေစွမ်းပြ ကစားနေတဲ့ တောင်ပံ တိုက်စစ် ကစားသမား ဘန်ရာမာ ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်နေပြီလို့ သိရှိရပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဝီလီယံ ​၊ ပတ်ဒရို စတဲ့ ဝါရင့် တောင်ပံ ကစားသမားတွေကို လက်ရှိ ဘောလုံးရာသီ အကုန်မှာ လမ်းခွဲတော့မှာ ဖြစ်ကာ သူတို့ရဲ့ နေရာအတွက် အေဂျက် ကစားသမား ဇီရက်စ်ကို ခေါ်ယူထားပြီးပြီ ဖြစ်ပေမယ့် ပူလီဆစ် ၊ ဇီရက်စ်နဲ့ အိုဒွိုင်းတို့သာ ကျန်ရှိတော့မယ့် တောင်ပံတိုက်စစ် နေရာအတွက် အခြား ကစားသမားတစ်ဦးကို ခေါ်ယူဖို့ ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Sports Bible

နာမည်ကျော် အားကစား သတင်းထောက် တစ်ဦးဖြစ်တဲ့ ဘူဟက်ဖ်စီရဲ့ ပြောကြားမှုအရ ချယ်လ်ဆီးအသင်းဟာ အသက်၂၄နှစ်အရွယ် ဘရန့်ဖို့အသင်းရဲ့ အဓိက ကစားသမား ဖြစ်သူ ဘန်ရာမာကို ခေါ်ယူဖို့ ဆွေးနွေးနေပြီ ဖြစ်တယ် လို့ သိရပြီး ဆွေးနွေးမှုတွေဟာလည်း အတော် ကို ခရီးပေါက်နေပါပြီ။ ဘူဟက်ဖ်စီရဲ့ ပြောဆိုမှု အရ လက်ရှိအချိန်မှာ ဘန်ရာမာကို ခေါ်ယူဖို့ လက်စတာအသင်းနဲ့ အာဆင်နယ်အသင်းတို့ကလည်း ချိတ်ဆက်ထားကြပေမယ့် ချယ်လ်ဆီး အသင်းဟာ အခြားအသင်းတွေထက် လက်ဦးမှု ရယူကာ ဘန်ရာမာကို ခေါ်ယူတော့မှာ ဖြစ်ပြီး ပြောင်းရွှေ့ကြေးဟာ ပေါင်၂၅သန်းဝန်းကျင် ကျသင့်နိုင်တယ်လို့ သိရှိရပါတယ်။ ဘန်ရာမာနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ သတင်းကို ပြင်သစ် အခြေစိုက် RMC Sport သတင်းဌာနကလည်း အတည်ပြုထားပါသေးတယ်။

Photo Credit: Sports Bible

အသက်၂၄နှစ်အရွယ် ဘန်ရာမာဟာ ဘရန့်ဖို့ အသင်းထံကို ၂၀၁၈ခုနှစ်မှာ ပြင်သစ်ကလပ် တစ်ခုဖြစ်တဲ့ နိုက်စ်အသင်းကနေ ပြောင်းရွှေ့ကြေး ယူရို၁.၇သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ကာ ဘရန့်ဖို့အသင်းအတွက် ၇၉ပွဲ ပါဝင် ကစားထားရာမှာ ၂၁ဂိုး သွင်းယူပေးထားကာ ၂၅ဂိုး ဖန်တီးပေးထားနိုင်သူပါ။ ဘန်ရာမာရဲ့ ခြေစွမ်းတွေဟာ လက်ရှိ ဘောလုံးရာသီမှာ အတော်လေးကို တောက်ပလာခဲ့ပြီး သူဟာ ဘရန့်ဖို့အသင်းအတွက် ချန်ပီယံရှစ်ပွဲစဉ် ၃၄ပွ​ဲ ပါဝင် ကစားပေးထားရာမှာ ၁၀ဂိုး သွင်းယူကာ ၈ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘန်ရာမာဟာ လက်ရှိ ဘောလုံးရာသီမှာဆိုရင် ဘောလုံးအလှကွက် တစ်ခု ဖြစ်တဲ့ ပြိုင်ဘက် ကစားသမားတွေရဲ့ ပေါင်ကြားထဲကို ဘောလုံး ထည့်သွင်းတဲ့ အလှကွက်မှာဆိုရင် အတော်လေးကို အောင်မြင်မှုများတဲ့ ကစားသမားဖြစ်ပြီး စုစုပေါင်း ၄၆ကြိမ်အထိ အောင်မြင်ခဲ့တဲ့ ကစားသမား ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ကြောင့် ဘန်ရာမာဟာ မြက်ခင်းစိမ်းတွေပေါ်မှာ စောင့်ကြည့်ချင်စရာကောင်းတ​ဲ့ ကစားသမား တစ်ဦး ဖြစ်တယ်ဆိုတာ အသေအချာပါပဲ။