ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး ရိုမီလု လူကာကူကို ယူရို ၆၀သန်းလောက် အထိ အရှုံးခံကာ ပြန်လည် ရောင်းချဖို့ စီစဉ်နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ အင်တာမီလန် ကနေ သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးထံ ကလပ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၁၁၃သန်းနဲ့ ပြောင်းရွှေ့လာကာ ချယ်လ်ဆီးနဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Sky Sports

လူကာကူဟာ သူ့ရဲ့ လူငယ် ကစားသမားဘဝကို ချယ်လ်ဆီးမှာသာ ကုန်ဆုံးခဲ့သူ ဖြစ်တာကြောင့် အသင်းဟောင်းထံ ပြန်လည် ရောက်ရှိကာစမှာ အသင်းအတွက် ရာနှုန်းပြည့် ပေးဆပ်သွားမယ်လို့ ပရိသတ်တွေကို ကတိပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အသင်းနည်းပြ သောမတ် တူဟယ်လ်ရဲ့ နည်းစနစ်တွေနဲ့ အံဝင်ခွင်ကျ မဖြစ်တော့သလို ခြေစွမ်းပြနိုင်ဖို့လည်း ရုန်းကန်လာခဲ့ရပါတယ်။

တူဟယ်လ်ရဲ့ နည်းစနစ်နဲ့ အံဝင်ခွင်ကျ မဖြစ်တာကြောင့် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်လာရတဲ့ လူကာကူဟာ ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ ၃၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၂ဂိုးသာ သွင်းယူထားနိုင်သလို ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲမှာလည်း ဂိုးပေါက်နဲ့ ၆ပေ အကွာက ဘောလုံးကို ထိချက်မှန်မှန် အဆုံးမသတ်နိုင်ခဲ့ပြန်ပါဘူး။

Photo Credit: Sky Sports

ဒါကြောင့်ပဲ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက အသင်းမှာ မပျော်တော့တဲ့ လူကာကူကို ဝယ်ဈေးထက် ယူရို ၆၀သန်း လျော့တဲ့ ပမာဏ တခု ဖြစ်တဲ့ ယူရို ၅၃သန်း ဝန်းကျင်နဲ့ ပြန်လည် ရောင်းထုတ်ဖို့ စီစဉ်နေပြီး လူကာကူကလည်း ချယ်လ်ဆီးကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Mins သတင်းဌာနက ဆိုပါတယ်။

90 Mins သတင်းဌာနရဲ့ ဖော်ပြချက်အရ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့ လူကာကူရဲ့ အသင်းဟောင်း အင်တာမီလန်တို့က လူကာကူကို ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး လူကာကူရဲ့ ဆရာဟောင်း ကွန်တီ ရှိနေတဲ့ စပါးကလည်း အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို ဆုံးရှုံးရရင် လူကာကူကို ခေါ်ယူမယ့် အလားအလာတွေ ရှိနေကြောင်းလည်း သိရပါတယ်။