ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့် ဘောလုံးရာသီ မှာ သူတို့အသင်းရဲ့ လူအင်အားဟာ အကောင်းဆုံး အနေအထား တစ်ရပ်မှာ ရှိနေစေဖို့အတွက် ယခု ဘောလုံးရာသီ မကုန်မီကတည်းက ကစားသမား ခေါ်ယူမှု နှစ်ခုကို ပြုလုပ်ထားတဲ့ အသင်းပဲ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ အားနည်းနေတဲ့ တောင်ပံတိုက်စစ် အခန်းကဏ္ဍနဲ့ တိုက်စစ်ပိုင်းတို့အတွက် အေဂျက်အသင်း ရဲ့ တောင်ပံ ကစားသမား ဇီရက်ဇ်နဲ့ လစ်ဇက် အသင်းရဲ့ တိုက်စစ်မှူး တီမိုဝါနာတို့ကို ပြောင်းရွှေ့ကြေး ပေါင်၁၀၀သန်း နီးပါး အသုံးပြုကာ ခေါ်ယူထားခဲ့တဲ့ အသင်းပါ။

Photo Credit: Talksport

ဒါပေမယ့် ချယ်လ်ဆီးအသင်းရဲ့ နွေရာသီ အပြောင်းအရွှေ့ စီမံကိန်းတွေဟာ မပြီးဆုံးသေးပ​ဲ ချယ်လ်ဆီးအသင်းဟာ လေဗာကူဆင်အသင်းနဲ့ အတူ တောက်ပလာခဲ့တဲ့ ဂျာမန် လူငယ် ကွင်းလယ်တိုက်စစ် ကစားသမား ကိုင်ဟားဗက်ကို ခေါ်ယူဖို့ ဆက်လက် ကြိုးစားနေဆဲ ဖြစ်ကြောင်း နဲ့ ကိုင်ဟားဗက်ကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီး အသင်းဟာ ပြောင်းရွှေ့ကြေး ပေါင်၈၀သန်း ဝန်းကျင်ကို အသုံးချရဖွယ် ရှိတယ်လို့ လန်ဒန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ ကိုင်ဟားဗက်ကို ခေါ်ယူရာမှာ ကုန်ကျသွားမယ့် ပြောင်းရွှေ့ကြေးတွေနဲ့ ပတ်သတ်ပြီး ကာမိစေရန်အတွက် ချယ်လ်ဆီးအသင်းဟာ အသင်းမှာ ရှိနေတဲ့ ကစားသမားတွေထဲကနေ နည်းပြဖြစ်သူ လမ်းပတ်ရဲ့ နည်းစနစ်တွေနဲ့ မကိုက်ညီတဲ့ ကစားသမားတွေကို ရောင်းချသွားတော့မှာ ဖြစ်ကြောင်းနဲ့ ချယ်လ်ဆီးအသင်း ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားဖြစ်တဲ့ ကန်တီဟာ ရောင်းထုတ်ခံရမယ့် ကစားသမား စာရင်းထဲမှာ ထိပ်ဆုံးကနေ ပါဝင်နေတယ်လို့ The Times သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Photo Credit: Talksport

အသက်၂၉နှစ်အရွယ် ကွင်းလယ်ခံစစ် ကစားသမား အန်ဂိုလို ကန်တီဟာ ၂၀၁၆ခုနှစ်မှာ လက်စတာအသင်းကနေ ချယ်လ်ဆီးအသင်းထံကို ပြောင်းရွှေ့လာပြီး နောက်မှာ အသင်းရဲ့ အဓိက ကွင်းလယ် ကစားသမားတစ်ဦး ဖြစ်ခဲ့ပေမယ့် နည်းပြလမ်းပတ် ရောက်လာပြီးနောက် မှာတော့ လမ်းပတ်ရဲ့ နည်းစနစ်တွေနဲ့ အံမဝင် ခဲ့ပဲ မကြာခဏဆိုသလို ခြေစွမ်းပြဖို့အတွက် ရုန်းကန်နေရတဲ့ ကစားသမားတစ်ဦးပါ။ ဒါ့ကြောင့်လည်း ချယ်လ်ဆီးအသင်းဟာ ကန်တီကို ထုတ်ရောင်းဖို့အတွက် ကြိုးစားလာတာ ဖြစ်ပြီး အသက်၂၉နှစ်သားအတွက် ပြောင်းရွှေ့ကြေး ပေါင်၆၀သန်းဝန်းကျင် ရယူလိုနေတယ် လို့ လန်ဒန်အခြေစိုက် သတင်းဌာနတွေက ဆိုထားကြပါတယ်။ လက်ရှိမှာတော့ ကန်တီကို ခေါ်ယူဖို့အတွက် ပြင်သစ်ကလပ် ပီအက်စ်ဂျီ အသင်းနဲ့ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်း တို့က စိတ်ဝင်စားနေကြပြီး ကန်တီကိုယ်တိုင် ကတော့ ရီးရဲလ်မက်ဒရစ်အသင်းထက် ပီအက်စ်ဂျီအသင်းဆီကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန် နေပါတယ်။