ယခုနှစ် နွေရာသီ အပြောင်းအရွှေ့အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုတွေကို ခပ်စိတ်စိတ် လုပ်ဆောင်နေတဲ့ ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာတော့ ကစားသမား ရောင်းချမှုတွေကို တစ်ဖန် ပြုလုပ်သွားမှာ ဖြစ်ကာ အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး အိုလေဗာ ဂျရူးကို ရောင်းချဖို့ လုပ်ဆောင်နေကြောင်း သိရပါတယ်။ဂျူဗင်တပ်အသင်းဟာ ဂျရူးကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်းကို စတင် ဖော်ပြလာတဲ့ သတင်းဌာနဟာ ဘောလုံးလောကရဲ့ အရှိန်အဝါအကြီးဆုံး သတင်းဌာန တစ်ခုဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ လက်ခွဲတစ်ခု ဖြစ်တဲ့ Sky Italy သတင်းဌာနပဲ ဖြစ်ပါတယ်။

Photo Credit: Express

အသက် ၃၃ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ပြင်သစ် တိုက်စစ်မှူး အိုလေဗာ ဂျရူးဟာ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူး မဟုတ်ပေမယ့် သူနဲ့ တွဲဖက် ကစားတဲ့ ကစားသမားတွေ နေရာလွတ် ရရှိအောင် စွမ်းဆောင်ပေးနိုင်သလို အမြင့်ဘောတွေကနေ တဆင့် ခေါင်းတိုက်သွင်းဂိုးတွေ မကြာခဏဆိုသလို သွင်းယူပေးတတ်သူပါ။ တစ်ဖက်မှာတော့ ဂျူဗင်တပ်အသင်းဟာ ဟီဂူအင်ကို အသင်းကနေ ထွက်ခွာခွင့် ပေးပြီးတဲ့နောက် အထောင်တိုက်စစ်မှူး စစ်စစ် တစ်ဦးကို ပြန်လည် ခေါ်ဟူလိုနေတာ ဖြစ်ပြီး နောက်ဆုံး ရရှိထားတဲ့ သတင်းတွေ အရတော့ ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ် ၊ အက်သလက်တီကို မက်ဒရစ်အသင်း တိုက်စစ်မှူး မိုရာတာနဲ့ ဂျရူးတို့ဟာ ဂျူဗင်တပ်အသင်းရဲ့ ပစ်မှတ်တွေ ဖြစ်ကြောင်း သိရှိရပါတယ်။

Photo Credit: Express

အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာန တစ်ခု ဖြစ်တဲ့ Di Marzio သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျရူးဟာ ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့ဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီး ဂျူဗင်တပ်အသင်းမှာ တစ်နှစ်လုပ်ခ ယူရို ၉သန်းအထိ ရရှိမယ်လို့ သိထားရပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ ဂျရူးအတွက် ပြောင်းရွှေ့ကြေး ယူရို ၅သန်းခန့် ရရှိလိုနေတယ် လို့လည်း Di Marzio က ဖော်ပြခဲ့ပါတယ်။ ပြောင်းရွှေ့ကြေး ယူရို ၅ သန်းဆိုတာဟာ ဂျူဗင်တပ်အသင်း အတွက် ပြောပလောက်တဲ့ ပမာဏ မဟုတ်သလို ကစားသမားဘဝ နောက်ဆုံးကာလ အပိုင်းအခြားကို ရောက်ရှိနေတဲ့ ဂျရူးအတွက် လည်း ဂျူဗင်တပ်လို ထိပ်သီးအသင်းမှာ ကစားခွင့်ရဖို့ ဆိုတာဟာ လက်လွှတ်ခံလို့ မရတဲ့ အခွင့်အ​ရေး တစ်ခု ဖြစ်တာကြောင့် ဒီအပြောင်းအရွှေ့ ဟာ ယခုရက်ပိုင်း အတွင်းမှာပဲ ဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ်လိုက်ပါရစေ…။