MySport Myanmar

မောင့်ကို ရောင်းမိလို့ ချယ်လ်ဆီး နောင်တရလိမ့်မယ်လို့ ပြောလိုက်တဲ့ ဆောင်းနက်စ်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ အောင်မြင်တဲ့ ဘောလုံးရေးရာ သုံးသပ်သူ တဦး ဖြစ်နေတဲ့ ဆောင်းနက်စ်က ချယ်လ်ဆီးဟာ သူတို့ရဲ့ အကယ်ဒမီထွက် ကွင်းလယ်လူ မေဆန်မောင့်ကို ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ဆီ ရောင်းမိလို့ နောင်တချိန်မှာ နောင်တရလိမ့်မယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ ရှိရင်းစွဲ ကစားသမား အများအပြားကို ရောင်းထုတ်ကာ နည်းပြသစ် ပိုချက်တီနိုနဲ့အတူ ခေတ်သစ် တခု စတင်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ချန်ပီယံလိဂ်အောင်ပွဲမှာ အရေးပါခဲ့တဲ့ ကိုဗာဆစ် ၊ မေဆန်မောင့်နဲ့ ကိုင် ဟားဗက်ဇ်တို့လို ကစားသမားတွေကို လိဂ်ပြိုင်ဘက်တွေ ဖြစ်တဲ့ မန်ချက်စတာ စီးတီး ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ဆီ ရောင်းချခဲ့ပါတယ်။

Photo Credit: Sky Sports

ချယ်လ်ဆီးက အသက် ၂၄နှစ် အရွယ် အကယ်ဒမီထွက် ကွင်းလယ်ကြယ်ပွင့် မေဆန်မောင့်ကို မန်ချက်စတာ ယူနိုက်တက်ဆီ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၅၅သန်း + အပိုဆုကြေး ပေါင် ၅သန်းနဲ့ ရောင်းချခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ဟာ မေဆန်မောင့်ကို ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

မေဆန်မောင့်က မန်ချက်စတာ ယူနိုက်တက်မှာ ကျောနံပါတ်၇ကို ဝတ်ဆင် ကစားသွားဖို့ ရှိနေကာ မေဆန်မောင့်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ချယ်လ်ဆီးပရိသတ်တွေ ကြားထဲမှာ အခုချိန်အထိ အမြင်မတူမှုတွေ ရှိနေဆဲ ဖြစ်ပြီး တချို့ပရိသတ်တွေက မေဆန်မောင့်ကို ရောင်းချတာ မှန်တယ်လို့ ယူဆနေကြသလို တချို့ကလည်း မေဆန်မောင့်ကို အဓိကပြိုင်ဘက်ဆီ ရောင်းချလိုက်တာဟာ မှားယွင်းတယ်လို့ ပြောနေကြပါတယ်။

Photo Credit: Metro

လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ဂျရေမီ ဆောင်းနက်စ်ကတော့ ချယ်လ်ဆီးရဲ့ မေဆန်မောင့်ကို ရောင်းချလိုက်မှု အပေါ် ဘဝင်မကျပဲ မေဆန်မောင့်ကို ရောင်းချလိုက်တာဟာ ချယ်လ်ဆီးရဲ့ မဟာအမှား ဖြစ်ကြောင်း ထောက်ပြ ဝေဖန်သွားပါတယ်။

ဆောင်းနက်စ်က – “ကျွန်တော်ကတော့ မေဆန်မောင့်ကို အသင်းပြောင်းခွင့် ပေးလိုက်တာဟာ ချယ်လ်ဆီးရဲ့ မဟာအမှားလို့ပဲ ထင်ပါတယ်။ ချယ်လ်ဆီးက မန်ချက်စတာ ယူနိုက်တက်ဆီ မေဆန်မောင့်ကို ရောင်းလိုက်လို့ မှားတယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ မေဆန်မောင့်လို ကစားသမားမျိုးကို အလွယ်တကူ လက်လွှတ်လိုက်လို့ မှားတယ်လို့ ပြောချင်တာပါ။ ကျွန်တော်က မေဆန်မောင့်ကို ကြိုက်ပါတယ်။ သူ့ရဲ့ အသက်အရွယ် ၊ သူနဲ့ ချယ်လ်ဆီးကြားထဲမှာ ရှိနေတဲ့ သမိုင်းကြောင်း ၊ ပြီးတော့ သူ့ရဲ့ အရည်အသွေး ၊ ချယ်လ်ဆီးက ဘယ်လိုနည်းနဲ့မှ မေဆန်မောင့်ကို မရောင်းခဲ့သင့်တာပါ။ မေဆန်မောင့်က အခုထက် ပိုပြီး ခြေစွမ်းတွေ ပိုကောင်းလာမယ့် ကစားသမားပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version