ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ ကစားသမား အများအပြားကို ရောင်းထုတ်ခဲ့ပြီးနောက် လစ်လပ်သွားတဲ့ နေရာတွေ အတွက် ကစားသမားသစ်တွေ ခေါ်ယူဖို့ စီစဉ်နေရာ လိုင်ယွန် လူငယ်ကြယ်ပွင့် ချာကီကို ခေါ်ယူရန် ဦးစားပေး ကြိုးစားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းထောက် ဂျူလီယန် လော်ရန်က အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ရာယန် ချာကီက ပြင်သစ် ယူ-၂၁အသင်းရဲ့ အဓိက ကစားသမား တဦး ဖြစ်ပြီး သူဟာ လိုင်ယွန်အတွက် ပြိုင်ပွဲစုံမှာ ၁၀၂ပွဲ အထိ ပါဝင် ကစားပေးထားကာ သွင်းဂိုး ၁၄ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၆ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

ချာကီက ဘယ် ၊ ညာ ခြေထောက်နှစ်ဖက်စလုံးကို အသုံးပြုနိုင်တဲ့ ရှားပါး ဘောလုံးသမား တဦး ဖြစ်သလို တောင်ပံနှစ်ဖက်စလုံးနဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိပြီး အလိမ်အခေါက် ကောင်းသလို ဘောလုံးအမြင်လည်း စူးရှပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးနည်းပြသစ် ပိုချက်တီနိုက အသင်းကနေ ထွက်ခွာသွားတဲ့ တောင်ပံတိုက်စစ် ကစားသမား ပူလီဆစ်ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ချာကီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေကလည်း ချာကီရဲ့ အေးဂျင့်ထံ ဆက်သွယ်မှုတွေ ပြုလုပ်ထားပါတယ်။

Photo Credit: Football London

နာမည်ကြီး သတင်းထောက် ဂျူလီယန် လော်ရန်ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ချာကီအတွက် လိုင်ယွန်ထံ တရားဝင် ကမ်းလှမ်းမှု တရပ် ပေးပို့ဖို့ ပြင်ဆင်နေပြီး ချာကီဟာ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

လိုင်ယွန်ကတော့ သူတို့အသင်းရဲ့ လူငယ်ကြယ်ပွင့် ချာကီအတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ၅၀သန်းကြား ပမာဏ တရပ် လိုချင်နေပြီး ချယ်လ်ဆီးကတော့ ချာကီကို ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းနဲ့ ၄၀သန်းကြား ပမာဏ တရပ်နဲ့ ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။