ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက သူတို့အသင်းရဲ့ အဓိက ပစ်မှတ် တဦး ဖြစ်သူ ဘရိုက်တန် ကွင်းလယ်လူ ကိုင်စီဒိုအတွက် တရားဝင် ကမ်းလှမ်းမှု ၂ကြိမ် လုပ်ခဲ့ပေမယ့် အဆင်မပြေခဲ့တဲ့နောက် တတိယအကြိမ် ကမ်းလှမ်းမှုကို ထပ်မံ လုပ်ဆောင်တော့မယ်လို့ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ အဓိက ကွင်းလယ်လူတွေ ဖြစ်တဲ့ မေဆန်မောင့် ၊ ကန်တီ ၊ ကိုဗာချစ် စတဲ့ ကစားသမားတွေ အားလုံးကို လက်လွှတ်ခဲ့ရတာကြောင့် ကွင်းလယ်ပိုင်းကို မဖြစ်မနေ အင်အားဖြည့်တင်းဖို့ လိုအပ်နေပြီး ချယ်လ်ဆီးရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေကတော့ ဘရိုက်တန်ရဲ့ အဓိက ကွင်းလယ်လူ ကိုင်စီဒိုကို သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။

Photo Credit: Team Talk

အသက် ၂၁နှစ် အရွယ် အီကွေဒေါ လက်ရွေးစင် ကွင်းလယ်လူ ကိုင်စီဒိုက ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး ဘရိုက်တန်က ကိုင်စီဒိုကို ယခု နွေဈေးကွက် အတွင်းမှာ ထိပ်တန်းအသင်းကြီး တသင်းဆီ ပြောင်းရွှေ့ခွင့် ပေးမယ်လို့ ကတိပေးထားပါတယ်။

လက်ရှိမှာ ကိုင်စီဒိုက ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားတာကြောင့် ချယ်လ်ဆီးက ဘရိုက်တန်နဲ့ ကိုင်စီဒိုအတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့ရင် ကိုင်စီဒိုကို ခေါ်ယူနိုင်မှာ ဖြစ်ပေမယ့် ယခုချိန်အထိ ချယ်လ်ဆီးနဲ့ ဘရိုက်တန်ရဲ့ ကြားထဲမှာ ကိုင်စီဒိုအတွက် သဘောတူညီမှု မရသေးပါဘူး။

Photo Credit: Football Transfer

ချယ်လ်ဆီးက ကိုင်စီဒိုအတွက် ဘရိုက်တန်ထံ ပေါင် ၆၀သန်းတန် ကမ်းလှမ်းမှု ၊ ပေါင် ၇၀သန်းတန် ကမ်းလှမ်းမှု စတဲ့ ကမ်းလှမ်းမှု ၂ကြိမ် ပေးပို့ခဲ့ပေမယ့် ဘရိုက်တန်က ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုတွေကို ချက်ချင်းပဲ ပယ်ချခဲ့သလို သူတို့ရဲ့ ကစားသမား အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းကျော် လိုချင်ကြောင်း ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksportsရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ကိုင်စီဒိုအတွက် တတိယအကြိမ် ကမ်းလှမ်းမှု လုပ်ဆောင်ဖို့ ပြင်ဆင်နေပြီး ချယ်လ်ဆီးဟာ ကိုင်စီဒိုအတွက် တတိယအကြိမ် ကမ်းလှမ်းမှု အဖြစ် ပေါင် ၈၀သန်းနဲ့ ကမ်းလှမ်းမှာ ဖြစ်ကြောင်း သိရပါတယ်။