ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၅)အထိ ယှဉ်ပြိုင်ထားပြီးချိန်မှာ ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းတို့က ရမှတ် ရဂိုး ပေးဂိုးချင်း တူညီနေပြီး ချယ်လ်ဆီးရဲ့ အသင်းနာမည်က အင်္ဂလိပ်အက္ခရာမှာ လီဗာပူးလ်ထက် ရှေ့ရောက်နေတာဖြစ်လို့ အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်ရှိနေရတာဆိုပေမယ့် နာမည်ကျော် စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ ဒီရာသီမှာလည်း မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ထပ်မံပိုင်ဆိုင်နိုင်မှာ ယူနိုက်တက် လီဗာပူးလ်နဲ့ ချယ်လ်ဆီးတို့ကတော့ အဆင့်(၂၊၃၊၄) တွေမှာသာ အသီးသီးရပ်တည်ရမှာ ဖြစ်ပါတယ်။

Photo Credit : Burnley Express

CIES ဘောလုံးလေ့လာ သုံးသပ်သူများ အဖွဲ့အစည်းရဲ့ စူပါကွန်ပျူတာရဲ့တွက်ချက်မှုတွေအရ ဒီနှစ်ဘောလုံးရာသီမှာ နည်းပြတူဟယ်လ်ရဲ့ နည်းဗျူဟာတွေနဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြသလို့နေတဲ့ ချယ်လ်ဆီးအသင်းက အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာနဲ့သာ ရာသီသိမ်းနိုင်မယ်လို့ ထွက်ပေါ်ခဲ့ပြီး လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံအသင်းဖြစ်တဲ့ မန်စီးတီးကပဲ (၂)နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်လိမ့်မယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ဒီရာသီမှာ ရော်နယ်လ်ဒို ဆန်ချိုနဲ့ ဗာရန်းတို့ ကစားသမားကောင်းတွေ ခေါ်ယူအားဖြည့်ထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကလည်း မနှစ်က ဘောလုံးရာသီမှာ ရယူနိုင်ခဲ့တဲ့ အဆင့်(၂)နေရာမှာသာ ရပ်တည်ရမှာဖြစ်ပြီး လီဗာပူးလ်အသင်းကတော့ အဆင့်(၃)နေရာကိုသာ ရယူနိုင်မယ်လို့ စူပါကွန်ပျူတာကနေ ဟောကိန်းထုတ်ခဲ့ပါတယ်။

Photo Credit : Reuters

ဒီလို တွက်ချက်မှုတွေဟာ ကလပ်အသင်းတွေရဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေအတွင်း ဖြတ်သန်းခဲ့မှုတွေ ဒီရာသီမှာ ငွေကြေးသုံးစွဲမှုတွေနဲ့ အသင်းက ကစားသမားတစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်တွေအပေါ် အခြေခံပြီး ကလပ်အသင်းတွေရဲ့ ရပ်တည်မှုတွေကို တွက်ချက်တာ ဖြစ်ပါတယ်။ စူပါကွန်ပျူတာရဲ့ တွက်ချက်မှုမှာ မန်စီးတီး မန်ချက်စတာယူနိုက်တက် လီဗာပူးလ် ချယ်လ်ဆီးအသင်းတို့က Top 4 နေရာမှာ ရပ်တည်နေသလို စပါးနဲ့ အဲဗာတန်တို့က ယူရိုပါလိဂ်ဝင်ခွင့်မှာ ရပ်တည်နေကာ လက်စတာအသင်းက ကွန်းဖရန့်လိဂ်ဝင်ခွင့်ဖြစ်တဲ့ အဆင့်(၇)နေရာမှာ ရှိနေပါတယ်။ ဒီရာသီမှာ ဥရောပဝင်ခွင့် ရရှိထားတဲ့ ဝက်စ်ဟမ်းက အဆင့်(၈)မှာသာ ရှိနေရပြီး အာဆင်နယ်အသင်းကတော့ အဆင့်(၉)မှာသာ ရှိ်နေတယ်လို့ စူပါကွန်ပျူတာကနေ ထုတ်ပြန်ခဲ့ပါတယ်။ ဒီရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်တန်းတတ်လာခဲ့တဲ့ နောဝစ်ချ် ဝက်ဖိုဒ့်တို့နဲ့အတူ နယူးကာဆဲလ်တို့က တန်းဆင်းသွားရလိမ့်မယ်လို့ စူပါကွန်ပျူတာကနေ တွက်ချက်ထုတ်ပြန်ထားပါတယ်။