ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ ဘုတ်အဖွဲ့က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းနည်းပြ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ရင်တောင် ပရိသတ်တွေ တောင်းဆိုနေတဲ့ နည်းပြဟောင်း မော်ရင်ဟိုကို ပြန်ခေါ်မယ့် ကိစ္စအား လုံးဝ စဉ်းစားမှာ မဟုတ်ဘူးလို့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ချယ်လ်ဆီးက အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပြီးနောက် ယခင်လို ကြယ်ပွင့် ကစားသမားတွေ ခေါ်ယူကာ အောင်မြင်မှုတွေဆီ လျှောက်လှမ်းတဲ့ ပေါ်လစီအစား ဆယ်စုနှစ် တစု အားကိုးရမယ့် လူငယ်ကြယ်ပွင့်တွေကို ခေါ်ယူကာ အောင်မြင်မှုတွေဆီ ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်းမယ့် ပေါ်လစီကို ချမှတ်ထားပါတယ်။

Photo Credit: Euro Sports

လူငယ်ကြယ်ပွင့်တွေကို အားပြုမယ့် ပေါ်လစီကို ချမှတ်ထားတာကြောင့် ချယ်လ်ဆီးပိုင်ရှင် တော့ပ် ဘိုလေက ရှိရင်းစွဲ နည်းပြ တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်ကာ ဘရိုက်တန်နဲ့အတူ တောက်ပခဲ့တဲ့ ဂရေဟမ် ပေါ်တာကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပေမယ့် ပေါ်တာရဲ့ လက်အောက်မှာ ချယ်လ်ဆီးက ရလဒ်တွေ ဆိုးဝါးခဲ့ပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက စပါးကို ကာလရှည် ကိုင်တွယ်ခဲ့ဖူးတဲ့ ပိုချက်တီနိုကို နည်းပြသစ် အဖြစ် ယခုနှစ်ရာသီ အစမှာ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ခေါ်ယူခဲ့ပေမယ့် ပိုချက်တီနိုရဲ့ လက်အောက်မှာလည်း ချယ်လ်ဆီးက ရလဒ်ကောင်းတွေ မရခဲ့ပဲ ရာသီဝက် ကျော်လွန်လာသည် အထိ ပရီးမီးယားလိဂ်ရဲ့ အဆင့်(၁၀)အတွင်းကို မဝင်နိုင်သေးပါဘူး။

Photo Credit: Euro Sports

ရလဒ်တွေ ဆက်တိုက် ဆိုးဝါးနေတာကြောင့်ပဲ ပြီးခဲ့တဲ့တပတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရန့်ဖို့ဒ် ၂-၂ ချယ်လ်ဆီး ပွဲအတွင်းမှာ ချယ်လ်ဆီးရဲ့ ပရိသတ်တွေက အသင်းပိုင်ရှင် တော့ပ် ဘိုလေနဲ့ နည်းပြချုပ် ပိုချက်တီနိုတို့ကို အလိုမရှိကြောင်း သံပြိုင် ဟစ်ကြွေးကာ ဆန္ဒပြခဲ့ကြသလို နည်းပြဟောင်း မော်ရင်ဟိုကို ပြန်ခေါ်ပေးဖို့ တောင်းဆိုမှုတွေလည်း လုပ်ခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးပရိသတ်တွေက နည်းပြဟောင်း မော်ရင်ဟိုကို အသင်းမှာ ပြန်လည် မြင်တွေ့ချင်နေပေမယ့် ချယ်လ်ဆီးဘုတ်အဖွဲ့က မော်ရင်ဟိုကို ခန့်အပ်လိုက်ရင် အသင်းရဲ့ ပေါ်လစီကို အပြောင်းအလဲ လုပ်ရမှာ စိုးရိမ်တာကြောင့် မော်ရင်ဟိုကို ပြန်ခေါ်မယ့်ကိစ္စကို လုံးဝ စဉ်းစားမှာ မဟုတ်ကြောင်း သိရှိရပါတယ်။