လက်ရှိ နွေဈေးကွက် အတွင်းမှာ ထိပ်တန်း တိုက်စစ်မှူး တဦးကို အသည်းအသန် ရှာဖွေနေတဲ့ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးအသင်းဟာ အင်တာမီလန်အသင်းမှာ ကစားနေတဲ့ သူတို့အသင်းရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ လူကာကူအတွက် ပေါင် ၁၃၀သန်းတန် ကမ်းလှမ်းမှု တခုကို ထပ်မံ ပြုလုပ်တော့မယ်လို့ သိရပါတယ်။

ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ဂျရူးကို လက်လွှတ်ထားရသလို လူငယ် တိုက်စစ်မှူး ဖြစ်တဲ့ အေဗရာဟမ်ကိုလည်း အသင်းကနေ ရောင်းထုတ်ဖို့ စီစဉ်နေတာကြောင့် တိုက်စစ်မှူး တဦးကို မဖြစ်မနေ ဝယ်ယူဖို့ လိုအပ်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

Photo Credit: Metro

ကနဦးမှာ ချယ်လ်ဆီးအသင်းဟာ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဒေါ့မွန်အသင်းက ဟာလန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်း အထိ တောင်းဆိုခဲ့သလို ဟာလန်းကလည်း ဒေါ့မွန်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒမရှိတာကြောင့် ဟာလန်းကို ခေါ်ယူဖို့ ကြိုးပမ်းမှုအား လက်လျော့ခဲ့ပြီး အင်တာမီလန်အသင်းနဲ့ ခြေစွမ်းပြနေတဲ့ အသင်းရဲ့ ကစားသမားဟောင်း လူကာကူကို ခေါ်ယူဖို့ ပြောင်းလဲ ကြိုးပမ်းလာတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ချယ်လ်ဆီးအသင်းဟာ လူကာကူရဲ့ အေးဂျင့်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့သလို လူကာကူအတွက် ပထမဦးဆုံး တရားဝင် ကမ်းလှမ်းမှုအဖြစ် ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် အင်တာမီလန်အသင်း ကတော့ ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို ချက်ချင်းဆိုသလိုပဲ ပယ်ချခဲ့ပါတယ်။

Photo Credit: Metro

ဒါပေမယ့် ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံနေရတဲ့ အင်တာမီလန်အသင်းဟာ ချယ်လ်ဆီးအသင်းကသာ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး လူကာကူကို ပြောင်းရွှေ့ကြေး ပေါင် ၁၂၀သန်းနဲ့ ကမ်းလှမ်းလာပါက အဆိုပါ ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိကြောင်း အီတလီရဲ့ နာမည်အကြီးဆုံး သတင်းထောက် တဦး ဖြစ်သူ ဒီမာဇီယိုက ဆိုပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးအသင်းဟာ လူကာကူအတွက် ပြောင်းရွှေ့ကြေးကို တိုးမြှင့် ကမ်းလှမ်းဖို့ စီစဉ်ခဲ့ပြီး လက်ရှိမှာတော့ ပြောင်းရွှေ့ကြေး ပေါင် ၁၁၀သန်း + အလွန်ဆို (တန်ကြေး ပေါင် ၂၀သန်း) ဆိုတဲ့ ကမ်းလှမ်းမှု တခုကို ပြုလုပ်ဖို့ အသင့် ရှိနေကာ အင်တာမီလန်အသင်းက အဆိုပါ ကမ်းလှမ်းမှုကို လက်ခံမယ်လို့ ချယ်လ်ဆီးအသင်းဘက်က ယုံကြည်ထားကြောင်း နာမည်ကြီး သတင်းဌာန အများစုက အခိုင်အမာ ဖော်ပြခဲ့ကြပါတယ်။