ကစားသမားသစ်တွေ များစွာ ခေါ်ယူအားဖြည့်ထားခဲ့တဲ့ ချယ်လ်ဆီးအသင်းကတော့ အခု ဆောင်းဈေးကွက် မပိတ်သိမ်းခင်လေးမှာပဲ လိုင်ယွန်အသင်းရဲ့ ညာနောက်ခံကစားသမားလေး မယ်လိုဂူစတိုကို ထပ်မံ ခေါ်ယူသွားနိုင်ဖို့အတွက် ကမ်းလှမ်းမှုတွေ ထပ်မံ လုပ်ဆောင်သွားဦးမယ်လို့ သိရပါတယ်။

Photo Credit : Goal

ချယ်လ်ဆီးအသင်းဟာ ဆောင်းဈေးကွက်ထဲ တိုက်စစ်ပိုင်းအတွက် ကစားသမား ခေါ်ယူမှုတွေကို ခပ်များများ လုပ်ဆောင်ခဲ့တာဖြစ်လို့ ဈေးကွက် ဖွင့်လှစ်နေသေးချိန်မှာ ညာနောက်ခံနေရာအတွက် (၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ပြင်သစ် ဆယ်ကျော်သက် ကစားသမားလေး ဂူစတိုကို အတော်လေး စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီးဘက်က ဒီကစားသမားလေးအတွက် ပြောင်းရွေ့ကြေး ယူရိုသန်း(၂၀)နဲ့ ကနဦး ကမ်းလှမ်းထားခဲ့ပေမယ့်လည်း လိုင်ယွန်က ဒီကမ်းလှမ်းချက်ကို ပယ်ချထားခဲ့လို့ ယူရိုသန်း(၃၀)နဲ့ ဒုတိယအကြိမ် ထပ်မံ ကမ်းလှမ်းသွားဖို့ ပြင်ဆင်လာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Youtube

ဆယ်ကျော်သက် ပြင်သစ်နောက်ခံအစွန်လူ ဂူစတိုက ၂၀၁၆ခုနှစ်ကတည်းက လိုင်ယွန်လူငယ်အသင်းမှာ ပါဝင်ခဲ့တာဖြစ်ပြီး ၂၀၂၁ခုနှစ် နှစ်အစပိုင်းမှာပဲ လိုင်ယွန်စီနီယာအသင်းအတွက် စတင် ကစားခွင့်ရခဲ့ပါတယ်။ အခုဆိုရင်တော့ ဂူစတိုဟာ လိုင်ယွန်ရဲ့ first-choice right-back ကစားသမားတစ်ယောက်အဖြစ်နဲ့ပါ ပြီးခဲ့တဲ့ရာသီကတည်းကနေ ဆက်တိုက်ဆိုသလို ပါဝင်နေရတာဖြစ်ပြီး အကောင်းဆုံး performance တွေလည်း ပြသနေတဲ့အတွက် ဂူစတိုကို ချယ်လ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်ဒ်တို့က စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။ ဂူစတိုကို ယူနိုက်တက်ဒ်က စတင် စိတ်ဝင်စားခဲ့တာ ဖြစ်ပေမယ့် လတ်တလောမှာ ကစားသမား ခေါ်ယူမှုတွေ ခပ်သွက်သွက် လုပ်ဆောင်နေတဲ့ ချယ်လ်ဆီးက ယူနိုက်တက်ဒ်ထက် လက်ဦးမှု ရယူသွားနိုင်ဖို့အတွက် အလားအလာကောင်းနေတဲ့အပြင် ကစားသမားကိုယ်တိုင်ကလည်း ချယ်လ်ဆီးကို ပြောင်းရွေ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးပါ ပါဝင် ဆင်နွဲချင်နေပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ချယ်လ်ဆီးအနေနဲ့ ဂူစတိုကို ခေါ်ယူနိုင်ဖို့အတွက် ကစားသမားနဲ့ သဘောတူညီမှု ရရှိထားတယ်လို့ သိရပြီး အပြောင်းအရွေ့ အထမြောက်နိုင်ဖို့ ကလပ်အသင်းနဲ့သာ ပြောင်းရွေ့ကြေးကိစ္စ အဆင်ပြေဖို့သာ လိုအပ်နေတော့တာ ဖြစ်တယ်လို့ သိရပါတယ်။