အသင်းရဲ့ အနာဂတ် စီမံကိန်းအတွက် ဆယ်ကျော်သက် ဘောလုံးသမားလေးတွေကို အမြောက်အများ ခေါ်ယူ ဖြည့်တင်းလျက် ရှိနေတဲ့ ချယ်လ်ဆီးအသင်းဟာ အခုလည်း ဆယ်ကျော်သက် ဆီနီဂေါ ကစားသမားလေး ဒီယွန်းကို အသင်းဆီ ထပ်မံ ခေါ်ဆောင်နိုင်တော့မယ်လို့ သိရှိရပါတယ်။

ချယ်လ်ဆီးအသင်းက အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်သွားပြီးနောက်ပိုင်း အသင်းကို အသက် ငယ်ရွယ်တဲ့ ကစားသမားတွေနဲ့ ဖြည့်တင်းမှုတွေ ဆက်တ်ိုက် လုပ်ဆောင်ခဲ့ပြီး အခုဆိုရင်လည်း ဆီနီဂေါ ယူ-၁၇ ကစားသမားလေးကိုပါ ခေါ်ယူသွားနိုင်ပါတော့မယ်။

Photo Credit : Instagram

ဒီကစားသမားလေးကတော့ အသက် (၁၇)နှစ်အရွယ် ကွင်းလယ်ကစားသမားလေး ဒီယွန်းဖြစ်ပြီး Académie Foot Darou Salam de Dakar ကနေ ချယ်လ်ဆီးအသင်းဆီ မကြာခင်မှာပဲ ပြောင်းရွှေ့ ရောက်ရှိလာတော့မယ်လို့ ဖာဘရဇီယို ရိုမာနိုက ဖော်ပြခဲ့ပါတယ်။

ဆီနီဂေါ ကွင်းလယ်ခံစစ် ကစားသမားလေး ဒီယွန်းကိုယ်တိုင်ကလည်း မနေ့က ချယ်လ်ဆီး နဲ့ နယူးကာဆယ်တို့ရဲ့ လိဂ်ဖလားပွဲကို နောက်ထပ် ချယ်လ်ဆီးရဲ့ ကစားသမားသစ်လေး ကင်ဒရေ ပါရက်ဇ်နဲ့အတူ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ လာရောက် ကြည့်ရှုသွားခဲ့ပါသေးတယ်။

Photo Credit : Fabrizio Romano

၂၀၀၆ခုနှစ်ဖွား ကစားသမားလေး ဒီယွန်းဟာ အသက် (၁၈)နှစ်ပြည့်တော့မယ့် ၂၀၂၄ခုနှစ် ဇွန်လမှာပဲ ချယ်လ်ဆီးအသင်းဆီ တရားဝင် ပြောင်းရွှေ့လာမှာဖြစ်ပြီး ချယ်လ်ဆီးအနေနဲ့ ဒီယွန်းကို ခေါ်ယူပြီးတာနဲ့ ချယ်လ်ဆီးပိုင်ရှင်ရဲ့ နောက်ထပ် ကလပ်အသင်းဖြစ်တဲ့ စထရာဘိုးအသင်းဆီ အငှားချဖွယ် ရှိနေပါတယ်။

ဒီယွန်းနဲ့အတူ စတမ်းဖို့ဒ်ဘရစ်ချ်မှာ လာရောက် ကြည့်ရှုသွားခဲ့တဲ့ အီကွေဒေါ ကစားသမားလေး ပါရက်ဇ်ဟာလည်း လက်ရှိမှာ အသက် (၁၆)နှစ်အရွယ်သာ ရှိလို့နေသေးတဲ့အတွက် အသက် (၁၈)နှစ်ပြည့်မယ့် ၂၀၂၅ခုနှစ်မှသာ ချယ်လ်ဆီးအသင်းနဲ့ စတင် ပူးပေါင်းနိုင်မှာ ဖြစ်ပါတယ်။