MySport Myanmar

အသင်းပြောင်းဖို့ ဆုံးဖြတ်ထားတဲ့ အိုဆီမန်ကို နွေမှာ အရခေါ်မယ့် ချယ်လ်ဆီး

ဒီရာသီအကုန်မှာ ကစားသမားဘဝကို နောက်တစ်ဆင့် မြင့်တင်ဖို့အတွက် ဆုံးဖြတ်ချက် ချမှတ်ပြီးသားလို့ ဖွင့်ပြောခဲ့တဲ့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကို ချယ်လ်ဆီးအသင်းက လာမယ့်နွေမှာ အရ ခေါ်ယူသွားဖို့ ရှိနေပြီလို့ အီတလီ အခြေစိုက် La Gazzetta dello Sport ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

မကြာသေးခင်ကမှ တစ်နှစ်တာအတွင်း အကောင်းဆုံး အာဖရိက ကစားသမားဆုကို ပူပူနွေးနွေး ဆွတ်ခူးထားခဲ့တဲ့ အိုဆီမန်ဟာ ကလပ်အသင်းတိုင်း ဝိုင်းဝိုင်းလည်နေတဲ့ ထိပ်တန်း ကစားသမားတစ်ဦးဖြစ်ပြီး သိပ်မကြာခင်ကလည်း နာပိုလီက အိုဆီမန်ကို ၂၀၂၆ထိ သက်တမ်းတိုးထားသလို စာချုပ်ဖျက်သိမ်းကြေးကိုလည်း ယူရို သန်း(၁၃၀)အထိ သတ်မှတ်ထားပါသေးတယ်။

Photo Credit : Sport Mole

လက်ရှိမှာ နိုင်ဂျီးရီးယားအသင်းနဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ပါဝင် ဆင်နွဲနေတဲ့ အိုဆီမန်ဟာ သူ့အနေနဲ့ အခုနှစ် ဘောလုံးရာသီအကုန်မှာ သူရဲ့ ကစားသမားဘဝကို တစ်ဆင့် မြင့်တင်ဖို့အတွက် ဆုံးဖြတ်ထားပြီးသားလို့ ပြောဆိုလာမှုက သူ့အနာဂတ်နဲ့ ပတ်သက်ပြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့ရပါတယ်။

အသက် (၂၅)နှစ်အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး အိုဆီမန်ဟာ မနှစ်က ဘောလုံးရာသီထဲ နာပိုလီအတွက် အတော်လေး ခြေစွမ်းပြခဲ့သူဖြစ်ပြီး အသင်းနဲ့ နှစ်ပေါင်း အတန်ကြာ ဝေးကွာနေတဲ့ စကူဒက်တို စီးရီးအေ ချန်ပီယံဆုကိုပါ ရယူပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit : Transfer News Live

ဂိုးသွင်းအားကောင်းတဲ့ အိုဆီမန်ကို နာပိုလီနဲ့ စာချုပ်သက်တမ်း တိုးထားသည့်တိုင် ချယ်လ်ဆီး အပါအဝင် ဥရောပထိပ်တန်း ကလပ်အသင်းကြီးတွေက အလိုရှိနေကြပြီး အခုလို ရာသီကုန်မှာ အသင်းပြောင်းတော့မယ်လို့ သဘောရတဲ့ ပြောဆိုမှုမျိုးပါ ဖွင့်ဟလာချိန်မှာတော့ သူ့ကို အသင်းတော်တော်များများက ပိုပြီး မျက်စိကျလာပါတယ်။

ဒါပေမယ့် အိုဆီမန်ကို စိတ်ဝင်အစားဆုံး ကလပ်အသင်းဖြစ်တဲ့ ချယ်လ်ဆီးက လာမယ့်နွေဈေးကွက်မှာပဲ သူတို့ရဲ့ အဓိကပစ်မှတ် အိုဆီမန်ကို စာချုပ်ဖျက်သိမ်းကြေးအတိုင်း ကမ်းလှမ်းပြီး ခေါ်ယူသွားဖို့ သေချာသလောက် ရှိနေသလို နာပိုလီဘက်ကရော အိုဆီမန်ဘက်ကပါ လက်ခံသွားဖွယ်လည်း ရှိနိုင်ပါတယ်။

Exit mobile version