MySport Myanmar

PSV ရဲ့ အင်္ဂလန် ယူ-၂၁ တောင်ပံကစားသမားလေးကို ချိန်ရွယ်နေပြန်တဲ့ ချယ်လ်ဆီး

၂၀၂၂ခုနှစ်ရဲ့ နွေဈေးကွက်မှာရော ၂၀၂၃ရဲ့ ဆောင်းဈေးကွက်အတွင်းမှာပါ ကစားသမား ခေါ်ယူမှုများစွာကို ခပ်သွက်သွက် လုပ်ဆောင်နေတဲ့ ချယ်လ်ဆီးအသင်းက အခုလည်း နယ်သာလန် ထိပ်သီးကလပ် PSV အသင်းမှာ ပါဝင်ကစားနေတဲ့ အင်္ဂလန် ယူ-၂၁ တောင်ပံကစားသမားလေး နိုနီမာဒူးအက်ကေကို ထပ်မံ ခေါ်ယူသွားဖို့ ပစ်မှတ်ထားလျက် ရှိနေပါတယ်။

Photo Credit : The Telegraph

၂၀၂၂ခုနှစ်ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲကြီးအပြီး ကလပ်အသင်းပွဲတွေ ပြန်လည် စတင်ချိန်ကနေ လက်ရှိအချိန်ထိ ပွဲစဉ်(၄)ပွဲ ကစားထားခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ဘုန်းမောက်နဲ့ တစ်ပွဲတည်းကိုသာ အနိုင်ရခဲ့ပြီး နော်တင်ဟမ်ဖောရက်စ်နဲ့ သရေကျခဲ့သလို မန်စီးတီးကိုတော့ ပရီးမီးယားလိဂ်မှာရော အက်အေဖလားမှာပါ ဆက်တိုက် ရှုံးနိမ့်ခဲ့ရပါတယ်။ ဒီလို အခြေအနေတွေနဲ့ ကြုံတွေ့နေရပေမဲ့လည်း အသင်းနည်းပြ ဂရေဟမ်ပေါ်တာကို အသင်းတာဝန်ရှိသူတွေဘက်က အပြည့်အဝ ထောက်ခံပေးထားပြီး ကစားသမားသစ်(၃)ဦး ခေါ်ယူပေးထားခဲ့တဲ့အပြင် တိုက်စစ်ပိုင်းအတွက် ပေါ်တူဂီ တိုက်စစ်ကစားသမား ဂျာအိုဖေးလစ်ကိုပါ ခေါ်ယူပေးဖို့ ကြိုးပမ်းလာခဲ့ရာ နှုတ်အားနဲ့ပါ သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : TEAMtalk

ဒီလို ကစားသမား ဖြည့်တင်းမှုတွေကို အပီအပြင် လုပ်ဆောင်နေတဲ့ ချယ်လ်ဆီးဟာ လန်ဒန်မြို့ဖွား ကစားသမားလေးတစ်ဦးကိုပါ ထပ်မံ ခေါ်ယူသွားဖို့ စီစဉ်လာခဲ့တယ်လို့ The Times ကနေ ဖော်ပြလာခဲ့ပါတယ်။ အသက်(၂၀)အရွယ်သာ ရှိနေသေးတဲ့ အင်္ဂလန် ယူ-၂၁ ညာတောင်ပံကစားသမားလေး မာဒူးအက်ကေကို သူရဲ့ လက်ရှိကလပ် PSV အသင်းကနေ ခေါ်ယူသွားဖို့ စဉ်းစားလာခဲ့တယ်လို့ သိရပါတယ်။ ချယ်လ်ဆီးဟာ အခု ဆောင်းဈေးကွက်ထဲမှာလည်း ဆယ်ကျော်သက် ကစားသမားနှစ်ဦးဖြစ်တဲ့ ဖိုဖာနာနဲ့ ဆန်းတို့စ်တို့ကို ခေါ်ယူထားခဲ့သလို မိုနာကိုအသင်းကနေ ခေါ်ယူခဲ့တဲ့ ခံစစ်မှူး ဘာဒီအက်ရှီလီမှာလည်း အသက်(၂၂)နှစ်သာ ရှိသေးသူဖြစ်လို့ လူငယ်ကစားသမားတွေကိုသာ ဦးစားပေး ခေါ်ယူနေတာ ဖြစ်နိုင်ပြီး အသက်(၂၀)သာ ရှိနေသေးတဲ့ မာဒူးအက်ကေကိုပါ ထပ်မံ ခေါ်ဆောင်လာနိုင်ပါတယ်။ ညာတောင်ပံနဲ့ တိုက်စစ်နေရာတွေမှာ ကစားတတ်သူ မာဒူးအက်ကေဟာ စပါး ခရစ္စတယ်ပဲလေ့စ်တို့ရဲ့ လူငယ် အကယ်ဒမီတွေမှာ ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး ၂၀၁၈ခုနှစ်ကမှ PSV ကို ရောက်ရှိလာခဲ့ရင်း ၂၀၂၀ခုနျစ်မှာပဲ PSV စီနီယာအသင်းအတွက် စတင် ကစားပေးခွင့် ရရှိလာခဲ့ပါတယ်။ အဲ့ဒီအချိန်ကနေ စတင်ပြီး PSV အတွက် (၇၈)ပွဲ ပါဝင်ကစားထားရင်း (၁၉)ဂိုး သွင်းယူပေးထားနိုင်သလို အင်္ဂလန် ယူ-၂၁အသင်းအတွက်လည်း (၄)ပွဲအထိ ကစားထားနိုင်ခဲ့ပါတယ်။

Exit mobile version