MySport Myanmar

ဗာနာကို အလိုက်ပေးပြီး ဂျူဗင်တပ်ခံစစ်မှူး ဒီလစ်ကို ခေါ်ဖို့ ကြိုးပမ်းမယ့် ချယ်လ်ဆီး

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်ရဲ့ အဓိက ခံစစ်မှူး ဒီလစ်ကို ခေါ်ယူနိုင်ဖို့ သူတို့အသင်းရဲ့ တိုက်စစ်မှူး တီမိုဗာနာကိုပါ အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်း အဖြစ် ထည့်သွင်း ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက အသီးသီး ဖော်ပြသွားကြပါတယ်။

ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက ခံစစ်မှူးတွေ ဖြစ်တဲ့ ရူဒီဂါနဲ့ ခရစ်တန်ဆန်တို့ကို ဆုံးရှုံးထားရသလို ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗားကလည်း အသက်အရွယ် ရလာတာကြောင့် အသင်းရဲ့ ခံစစ်ပိုင်းကို ရေရှည် ဦးဆောင်နိုင်သလို ထိပ်တန်းအဆင့် ခြေစွမ်းကိုပါ ပိုင်ဆိုင်ထားတဲ့ ဗဟိုခံစစ်မှူး နှစ်ဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး ဒီလစ်ဟာ ချယ်လ်ဆီးရဲ့ နံပါတ်တစ် ပစ်မှတ် ခံစစ်မှူးပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ နယ်သာလန် လက်ရွေးစင် ဗဟိုခံစစ်မှူး ဒီလစ်က လက်ရှိ အီတလီ စီးရီးအေရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူး ၃ဦး စာရင်းဝင်သူ ဖြစ်ပြီး သူနဲ့ ဂျူဗင်တပ်တို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းက ၂နှစ်သာ ကျန်ပါတော့တယ်။

လက်ရှိအချိန်မှာ ဂျူဗင်တပ်က ဒီလစ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းနေပေမယ့် ဒီလစ်ကတော့ ဂျူဗင်တပ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးလိုခြင်း မရှိသေးပဲ သူ့အတွက် ကောင်းမွန်တဲ့ ကမ်းလှမ်းမှု တရပ် ရလာရင် အသင်းပြောင်းဖို့ စဉ်းစားထားပြီး ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့လည်း စိတ်ဝင်စားနေကြောင်း နာမည်ကြီး အီတလီ သတင်းဌာန တခု ဖြစ်တဲ့ Gazetta သတင်းဌာနက ဖော်ပြထားပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းထောက် ဒီမာဇီယိုကလည်း ချယ်လ်ဆီးဟာ ဒီလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အတည်ပြုပေးထားပြီး ချယ်လ်ဆီးက ဒီလစ်ကို ခေါ်ယူနိုင်ဖို့ အတွက် တီမိုဗာနာ + ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ၄၅သန်းကြား ပေးချေဖို့ ရှိနေကြောင်း သိရပါတယ်။

Exit mobile version