စပိန်နိုင်ငံ အခြေစိုက် Sport ရဲ့ ဖော်ပြချက်တွေအရ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ တောင်ပံကစားသမား ဟာကင်ဇီယက်ရှ်ကို ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဖရန့်ကတ်ဆေးနဲ့ ကစားသမားချင်း အလဲအလှယ် လုပ်ဆောင်သွားချင်နေတယ်လို့ သိရပါတယ်။

Photo Credit : Football Espana

ချယ်လ်ဆီးအသင်းဟာ အခုနှစ်ရဲ့ နွေဈေးကွက်မှာရော ဆောင်းဈေးကွက်အတွင်းမှာပါ ကစားသမားသစ်များစွာကို အသင်းအတွက် ခေါ်ယူထားခဲ့ပြီး အခုလည်း ဆောင်းဈေးကွက် မပိတ်သိမ်းခင်မှာ ကွင်းလယ်ကစားသမား တစ်ဦးကို ထပ်မံ ခေါ်ဆောင်သွားချင်နေပါတယ်။ ချယ်လ်ဆီးက ဘရိုက်တန်အသင်းရဲ့ အီကွေဒေါ ကွင်းလယ်ကစားသမားလေး မွိုက်စ်ကိုင်စီဒိုကို အခုဈေးကွက်ထဲမှာပဲ ခေါ်ယူသွားချင်နေတဲ့အတွက် ပေါင်(၅၅)သန်းနဲ့ပါ ကမ်းလှမ်းခဲ့ပေမယ့် ဘရိုက်တန်က ဒီကမ်းလှမ်းမှုကို ပယ်ချထားပြီး ချယ်လ်ဆီးဘက်က ပြောင်းရွေ့ကြေးကို တိုးမြှင့် ကမ်းလှမ်းလာမယ်ဆိုရင်တောင် ဘရိုက်တန်က ကမ်းလှမ်းမှုတိုင်းကို ပယ်ချသွားဖို့ ရှိနေတဲ့အပြင် ကိုင်စီဒိုကိုလည်း ဒီရာသီအကုန်အထိ အသင်းမှာသာ ဆက်လက် ထိန်းသိမ်းသွားနိုင်ပါတယ်။

Photo Credit : Barca Blagranes

ဒါကြောင့် ချယ်လ်ဆီးအနေနဲ့ ဘာစီလိုနာအသင်းရဲ့ အိုင်ဗရီကို့စ် ကွင်းလယ်ကစားသမား ကတ်ဆေးဘက်ကို အာရုံစိုက်လာခဲ့ပြီး ဈေးကွက်မပိတ်ခင်မှာပဲ ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။ လက်ရှိ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်မှာ အန်ဂိုလိုကန်တေ ဇာကာရီယာတို့ ဒဏ်ရာ အသီးသီး ရရှိနေကြပြီး ပွဲဆက်တွေလည်း အရမ်းများလွန်းနေတာကြောင့် ကစားသမားအင်အား တောင့်တင်းနေစေဖို့အတွက် ကွင်းလယ်ကစားသမားတစ်ဦးကို အရ ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။ ကတ်ဆေးဟာလည်း ဒီနှစ်နွေမှ အေစီမီလန်အသင်းကနေ ဘာစီလိုနာအသင်းဆီကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ပြောင်းရွေ့လာခဲ့တာဖြစ်ပြီး ဒီရာသီထဲ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ (၁၈)ပွဲအထိ ကစားထားခဲ့ရပေမယ့် လာလီဂါမှာ (၈)ပွဲသာ ကစားထားရသလို (၃)ပွဲကိုသာ ပွဲထွက်ကစားသမားအဖြစ် ကစားထားရပါတယ်။ ဘာစီလိုနာဘက်ကလည်း ကတ်ဆေးကို ပြည်တွင်းဖလားပွဲတွေမှာ ပိုမို အသုံးပြုနေတာဖြစ်ပြီး ကတ်ဆေးကို ဈေးကွက်အတွင်းမှာပဲ အသင်းကနေ ရှင်းထုတ်ကာ အင်တာ ကွင်းလယ်လူ ဘရိုဇိုဗစ်ကို ခေါ်ယူချင်နေတာကြောင့် ချယ်လ်ဆီးက ဒီအခြေအနေကို အသုံးချဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီးက သူတို့ ကစားသမား ဇီယက်ရှ်ကို အသုံးချပြီး ကတ်ဆေးနဲ့ ကစားသမားချင်း တိုက်ရိုက် အလဲအလှယ် လုပ်ဆောင်သွားဖို့ ဆန္ဒရှိလာခဲ့ပြီး မကြာခင်မှာပဲ ဘာစီလိုနာအသင်းဆီ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖို့ ရှိနေပါတယ်။