ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ ခံစစ်ကြောင်း အတွက် လက်စတာ စီးတီးရဲ့ ဗဟိုခံစစ်မှူး ဖိုဖာနာကို ခေါ်ယူဖို့ ကြိုးပမ်းနေရာမှာ အောင်မြင်ဖို့ ခက်ခဲနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်မှာ ရုန်းကန်နေရတဲ့ ဗဟိုခံစစ်မှူး မက်ဂွိုင်းယားကို ပြောင်းလဲ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး အင်္ဂလန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ ရူဒီဂါနဲ့ ခရစ်တန်ဆန်တို့လို အဓိက ဗဟိုခံစစ်မှူး နှစ်ဦးကို လက်လွှတ်ထားရတာကြောင့် သူတို့နှစ်ဦးရဲ့ နေရာကို အစားဝင်နိုင်မယ့် ထိပ်တန်း ဗဟိုခံစစ်မှူး နှစ်ဦးကို မဖြစ်မနေ ခေါ်ယူဖို့ စီစဉ်ထားပြီး လက်ရှိမှာတော့ ဆီနီဂေါ ဗဟိုခံစစ်မှူး ကူလီဘလီကို ခေါ်ယူထားနိုင်ပါတယ်။

Photo Credit: Sport Bible

ဒါကြောင့် ချယ်လ်ဆီးက နောက်ထပ် ဗဟိုခံစစ်မှူး တဦးကိုသာ ထပ်မံ ခေါ်ယူဖို့ လိုအပ်တော့ပြီး လက်စတာ စီးတီးရဲ့ ပြင်သစ် ယူ-၂၁ လက်ရွေးစင် ဗဟိုခံစစ်မှူး ဖိုဖာနာဟာ ချယ်လ်ဆီးရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။

ချယ်လ်ဆီးက အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် ဗဟိုခံစစ်မှူး ဖိုဖာနာကို ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်း အထိ ပေးချေကာ ခေါ်ယူဖို့ ပြင်ဆင်ထားသလို ဖိုဖာနာကလည်း ချယ်လ်ဆီးဆီ ပြောင်းရွှေ့လာချင်နေပေမယ့် လက်စတာ စီးတီးကတော့ နွေဈေးကွက် ပိတ်သိမ်းဖို့ နီးကပ်နေချိန်မှာ ဖိုဖာနာရဲ့ နေရာကို အစားဝင်နိုင်မယ့် ဗဟိုခံစစ်မှူး တဦးအား ရှာဖွေဖို့ မလွယ်ကူတာကြောင့် ဖိုဖာနာကို ရောင်းချဖို့ တွန့်ဆုတ်နေပါတယ်။

Photo Credit: Sport Bible

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ဖိုဖာနာကို ခေါ်ယူဖို့ မလွယ်ကူတော့ချိန်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ခြေစွမ်းကောင်းတွေ မပြသနိုင်တာကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေ ခံနေရတဲ့ ဗဟိုခံစစ်မှူး မက်ဂွိုင်းယားကို ခေါ်ယူရန် စိတ်ဝင်စားလာပြီး မက်ဂွိုင်းယားကလည်း သူ့ရဲ့ ပုံမှန် ပွဲထွက်ခွင့်သာ ဆုံးရှုံးသွားမယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ စဉ်းစားလာနိုင်ကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ သူတို့အသင်းရဲ့ အသင်းခေါင်းဆောင် ဗဟိုခံစစ်မှူး မက်ဂွိုင်းယားကို အလွယ်တကူ လက်လွှတ်ဖို့ စိတ်ကူးမရှိပေမယ့် အကယ်၍ ချယ်လ်ဆီးကသာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ကမ်းလှမ်းလာရင် မက်ဂွိုင်းယားကို ရောင်းချဖွယ် ရှိနေပြီး ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ကြားထဲမှာ မက်ဂွိုင်းယားနဲ့ ပူလီဆစ်ကို အလဲအထပ် လုပ်တဲ့ အပြောင်းအရွှေ့မျိုး မြင်တွေ့ရနိုင်ကြောင်းလည်း Daily Mail သတင်းဌာနက ဆိုထားပါတယ်။