MySport Myanmar

ကိုင်စီဒိုကို ခေါ်ဖို့ အဆင်မပြေတာကြောင့် လာဗီယာကို ခေါ်ယူဖို့ ချယ်လ်ဆီး စဉ်းစားနေ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက သူတို့အသင်းရဲ့ နွေရာသီ နံပါတ်၁ ပစ်မှတ် ကစားသမား ဖြစ်တဲ့ ဘရိုက်တန် ကွင်းလယ်လူ ကိုင်စီဒိုကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ပေမယ့် အဆင်မပြေ ဖြစ်နေတာကြောင့် ဆောက်သမ်တန်ရဲ့ လူငယ်ကြယ်ပွင့် လာဗီယာကို ပြောင်းလဲ ခေါ်ယူဖို့ စဉ်းစားနေကြောင်း ချယ်လ်ဆီးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ မေဆန်မောင့် ၊ ကန်တီ ၊ ကိုဗာချစ် စတဲ့ အဓိက ကွင်းလယ်လူတွေကို လက်လွှတ်ထားရတာကြောင့် အနည်းဆုံး ကွင်းလယ်လူ ၁ဦး ကနေ အများဆုံး ကွင်းလယ်လူ ၂ဦး အထိ အသင်းဆီ ပြန်လည် ခေါ်ယူဖို့ ဆုံးဖြတ်ထားတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Football 365

ချယ်လ်ဆီးက အဓိက ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်နဲ့ တွဲဖက် ကစားပေးဖို့ အတွက် ဘရိုက်တန် လူငယ် ကွင်းလယ်ကြယ်ပွင့် ကိုင်စီဒိုကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးစားနေပြီး ကိုင်စီဒိုကလည်း ချယ်လ်ဆီးဆီ ပြောင်းဖို့ သဘောတူထားတာကြောင့် ချယ်လ်ဆီးဟာ ဘရိုက်တန်နဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းနိုင်ခဲ့ရင် ကိုင်စီဒိုရဲ့ အပြောင်းအရွှေ့ကို အဆုံးသတ်နိုင်တော့မှာပါ။

ဒါပေမယ့် ချယ်လ်ဆီးက ကိုင်စီဒိုအတွက် ဘရိုက်တန်နဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်ရာမှာ အဆင်မပြေမှုတွေနဲ့ ကြုံနေရပြီး ဘရိုက်တန်က သူတို့ရဲ့ လူငယ်ကြယ်ပွင့် ကိုင်စီဒိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း အထိ တောင်းဆိုနေတာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ ခက်ခဲနေတာပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

ချယ်လ်ဆီးနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဂျာကော့ဘ် ဘန်ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ကိုင်စီဒိုကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် အဆင်မပြေမှုတွေနဲ့ ကြုံနေရတာကြောင့် ဆောက်သမ်တန် လူငယ်ကြယ်ပွင့် လာဗီယာကို ပြောင်းလဲ ခေါ်ယူဖို့ စဉ်းစားနေပြီး မကြာခင်မှာပဲ လာဗီယာအတွက် ကမ်းလှမ်းမှု လုပ်ဖွယ် ရှိကြောင်း သိရပါတယ်။

ဆောက်သမ်တန်ကတော့ သူတို့ရဲ့ လူငယ်ကြယ်ပွင့် လာဗီယာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း လိုချင်နေပြီး လတ်တလောမှာ လီဗာပူးက လာဗီယာကို ခေါ်ယူနိုင်ဖို့ အရှိန်အဟုန်မြှင့် ကြိုးစားနေသလို လာဗီယာကလည်း လီဗာပူးဆီ ပြောင်းရွှေ့ ကစားဖို့ ခေါင်းညိတ်ထားတာကြောင့် ချယ်လ်ဆီးက လာဗီယာကို ခေါ်ယူနိုင်ဖို့ အတော်လေး ကြိုးစားသွားရဖွယ် ရှိပါတယ်။

Exit mobile version