MySport Myanmar

ဖီးလစ်ကို အပြီးသတ် ခေါ်ဖို့ အက်သလက်တီကိုနဲ့ စတင် ဆွေးနွေးနေတဲ့ ချယ်လ်ဆီး

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက ပြီးခဲ့တဲ့ ဆောင်းဈေးကွက်မှာ လာလီဂါ ထိပ်သီးကလပ် အက်သလက်တီကို မက်ဒရစ် ကနေ သူတို့အသင်းဆီ ရာသီဝက်အငှားနဲ့ လာရောက် ကစားနေတဲ့ ပေါ်တူဂီ တိုက်စစ်မှူး ဂျာအိုဖီးလစ်ကို အပြီးသတ် ခေါ်ယူဖို့ အက်သလက်တီကို မက်ဒရစ်နဲ့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း စပိန်အခြေစိုက် သတင်းဌာန တချို့က ဖော်ပြသွားကြပါတယ်။

အသက် ၂၃နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ဂျာအိုဖီးလစ်က အက်သလက်တီကို မက်ဒရစ်ရဲ့ ကစားကွက်ထဲမှာ အသားကျအောင် ကစားဖို့ ရုန်းကန်နေရတာကြောင့် ဆောင်းဈေးကွက်မှာ အက်သလက်တီကို မက်ဒရစ် ကနေ ချယ်လ်ဆီးထံ အငှားနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူဟာ ချယ်လ်ဆီးထံ ရောက်ရောက်ချင်းမှာပဲ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်လာခဲ့ပါတယ်။

Photo Credit: Goal

အတိုးအလှုပ် ကောင်းသလို အသင်းဖော်တွေနဲ့ ချိတ်ဆက် ကစားရာမှာ ထူးချွန်တဲ့ ဂျာအိုဖီးလစ်က သူ့ရဲ့ ချယ်လ်ဆီး ကစားသမား ဘဝ ပွဲဦးထွက်မှာ ကံမကောင်းစွာနဲ့ အနီကတ် ထိခဲ့ပေမယ့် အနီကတ်ပြစ်ဒဏ် ကနေ ကင်းလွတ်တဲ့ အချိန်မှာ ကိုင် ဟားဗက်နဲ့ တွဲဖက်ကာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အကောင်းဆုံး ဦးဆောင်ပြခဲ့ပါတယ်။

ဂျာအိုဖီးလစ်က ချယ်လ်ဆီးအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ပြီး ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာ အပါအဝင် ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက ဂျာအိုဖီးလစ်ရဲ့ ခြေစွမ်းကို သဘောကျနေတာကြောင့် ရာသီကုန်ချိန်မှာ အပြီးသတ် ခေါ်ယူသင့်ကြောင်း ချယ်လ်ဆီးပိုင်ရှင် တော့ပ် ဘိုလေကို အကြံပေးခဲ့ကြပါတယ်။

Photo Credit: Goal

လက်ရှိမှာတော့ ပေါ်တာနဲ့ တာဝန်ရှိသူတွေရဲ့ အကြံပေးချက်အတိုင်း တော့ပ် ဘိုလေက ဂျာအိုဖီးလစ်ကို အပြီးသတ် ခေါ်ယူနိုင်ဖို့ အတွက် အက်သလက်တီကို မက်ဒရစ်ထံ ဆက်သွယ်ကာ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး ချယ်လ်ဆီးဟာ ဂျာအိုဖီးလစ်ကို အက်သလက်တီကို မက်ဒရစ်ဆီ ကနေ ခေါ်ယူနိုင်မယ်လို့လည်း ယုံကြည်နေပါတယ်။

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Relevoရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ဂျာအိုဖီးလစ်ကို အပြီးသတ် ခေါ်ယူဖို့ အက်သလက်တီကို မက်ဒရစ်နဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး ဆွေးနွေးမှုတွေက အပေါင်းလက္ခဏာ ဆောင်နေကာ အက်သလက်တီကို မက်ဒရစ်ဟာ ဂျာအိုဖီးလစ် အတွက် ပေါင် ၉၀သန်း ဝန်းကျင် ရရှိရင် ဖီးလစ်ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

Exit mobile version