ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ အားနည်းချက် တရပ်လို ဖြစ်နေတဲ့ တိုက်စစ်ပိုင်း အတွက် ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ အေဗရာဟမ်ကို ပြန်လည် ဝယ်ယူခွင့် အချက်အလက်နဲ့ ပြန်ခေါ်ရန် စဉ်းစားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး အေဗရာဟမ်က ချယ်လ်ဆီးရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာသူ ဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ချယ်လ်ဆီးကနေ ရိုးမားထံ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ပြောင်းရွှေ့ခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Football London

အေဗရာဟမ်ဟာ ချယ်လ်ဆီးမှာ ကစားခဲ့စဉ်က သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်ခဲ့ရတာကြောင့် ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟို ရှိနေတဲ့ ရိုးမားဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး ရိုးမားဆီ ရောက်ရှိပြီးနောက် အေဗရာဟမ်က ပုံမှန် ပွဲထွက်ခွင့်တွေ ရလာမှုနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသလာနိုင်ခဲ့ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆိုရင် ရိုးမားအတွက် ပြိုင်ပွဲစုံမှာ ၅၃ပွဲ အထိ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၇ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ရိုးမားကိုလည်း ယူရိုပါ ကွန်းဖရန့်လိဂ် ချန်ပီယံ ဖြစ်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာလည်း အေဗရာဟမ်က ရိုးမားအတွက် အဓိက တိုက်စစ်မှူး အဖြစ် ပါဝင် ကစားခွင့် ရနေသလို ပြိုင်ပွဲစုံမှာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်ပြီး အေဗရာဟမ်ရဲ့ ခြေစွမ်းကောင်း ပြသနေမှုတွေကြောင့်ပဲ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက သူ့ကို အသင်းဆီ ပြန်ခေါ်ဖို့ စိတ်ဝင်စားနေတာပါ။

Photo Credit: Football London

ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ တိုက်စစ်မှူးတွေ ဖြစ်တဲ့ လူကာကူနဲ့ တီမိုဗာနာတို့ကို အသင်းပြောင်းခွင့် ပေးခဲ့ပြီးနောက် တိုက်စစ်ပိုင်း လိုအပ်ချက်တွေနဲ့ ရင်ဆိုင်နေရပြီး ချယ်လ်ဆီးနည်းပြသစ် ဂရေဟမ် ပေါ်တာက အသင်းအတွက် ရေရှည် အားကိုးရမယ့် တိုက်စစ်မှူး တဦးကို ဝယ်ယူပေးဖို့ ချယ်လ်ဆီးရဲ့ ဘုတ်အဖွဲ့ထံ တင်ပြ တောင်းဆိုထားတာကြောင့် ချယ်လ်ဆီးဘုတ်အဖွဲ့က အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ အေဗရာဟမ်ကို ပြန်လည် ခေါ်ယူဖို့ စီစဉ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Caught Offside သတင်းဌာနက ဆိုပါတယ်။

Caught Offside သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက အေဗရာဟမ်ကို ရိုးမားဆီ ရောင်းချရာမှာ ထည့်သွင်းခဲ့တဲ့ ပြန်လည် ခေါ်ယူခွင့် အချက်အလက်ကို အသုံးချကာ လာမယ့် နွေဈေးကွက်မှာ အေဗရာဟမ်ကို ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေပြီး ချယ်လ်ဆီးက အေဗရာဟမ် အတွက် ရိုးမားထံ ပြောင်းရွှေ့ကြေး ယူရို ၈၅သန်း ဝန်းကျင် အထိ ပေးချေရဖွယ် ရှိနေကြောင်းလည်း သိရပါတယ်။