ပရီးမီးယားလိဂ် ထိပ်သီးအသင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ အန်ဂိုလို ကန်တီ ကို လာမယ့်နွေရာသီ စျေးကွက်မှာ သင့်တော်တဲ့ ပြောင်းရွှေ့ကြေးသာ ရပါက ထုတ်ရောင်းသွားတော့မယ်လို့ သိရပါတယ်။ လက်စတာအသင်းကနေ ချယ်လ်ဆီးအသင်းထံကို ပြောင်းရွှေ့လာခဲ့ပြီးနောက်မှာ ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမားတစ်ဦးအဖြစ် အစွမ်းပြနိုင်ခဲ့တဲ့ ကန်တီဟာ ချယ်လ်ဆီးအသင်းကို အားပေးတဲ့ ပရိသတ်တွေရဲ့ အချစ်တော် တစ်ဦး ဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းဟာ နောက်ပိုင်း မှာ ဒဏ်ရာတွေ မကြာခဏဆိုသလို ရလာတာကြောင့် ကန်တီကို ရောင်းချဖို့အတွက် စဉ်းစားလာတာ ဖြစ်တယ် လို့ သိရပါတယ်။

Photo Credit: Express.com

အသက်၂၉နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကန်တီ ဟာ ချယ်လ်ဆီးအသင်းထံကို နည်းပြကွန်တီ ရှိစဉ်မှာ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ကွန်တီရဲ့ လက်အောက်မှာ သူ့အနေနဲ့ ကွင်းလယ်ခံစစ် ကစားသမားတစ်ဦးအဖြစ် ကစားခဲ့ရသလို ခြေစွမ်းကောင်းတွေလဲ ထုတ်ပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နည်းပြဆာရီနဲ့ နည်းပြလမ်းပတ်တို့ရဲ့ အောက်မှာတော့ သူဟာ ကွင်းလယ်ခံစစ် နေရာမှာထက် Box to Box ကစားသမားနေရာမှာ ပိုပြီး ကစားလာခဲ့ရကာ တိုက်စစ်ပိုင်းမှာ ပိုမို နေရာယူ ကစားလာနိုင်ခဲ့ပေမယ့် ခံစစ်အားသန်တဲ့ ကန်တီရဲ့ ကစားပုံကြောင့် ချယ်လ်ဆီးအသင်းဟာ တစ်ခါတစ်ရံမှာ သွင်းဂိုးတွေ ရရှိဖို့ ရုန်းကန်လာရပါတယ်။ ဒါ့ကြောင့် လမ်းပတ် ဟာ သူ့ရဲ့နည်းစနစ်တွေမှာ သိပ်ပြီး အံမဝင် တဲ့ ကန်တီကို ထိုက်တန်တဲ့ပြောင်းရွှေ့ကြေးရပါက ရောင်းချလိုက်ဖို့ ချယ်လ်ဆီးအသင်းရဲ့ ဘုတ်အဖွဲထံ တင်ပြခဲ့တယ်လို့ သိရပါတယ်။

Photo Credit: Express.com

လတ်တလောမှာတော့ ကန်တီကို ခေါ်ယူဖို့ အတွက် ပြင်သစ်အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ စပိန်အင်အားကြီးအသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က စိတ်ဝင် စား နေကြပြီး ကန်တီအတွက် အပြိုင်အဆိုင် ကြိုးပမ်းဖွယ် ရှိတယ်လို့ စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။ ဘောလုံးကျွမ်းကျင်သူတွေကတော့ ချယ်လ်ဆီးအသင်းဟာ ကန်တီရဲ့ ကနဦးတန်ကြေးကို ယူရို ၉၀သန်းဝန်းကျင် သတ်မှတ်ထားနိုင်ကြောင်း သုံးသပ်ထားကြပြီး အသက်၂၉နှစ်အရွယ် ကစားသမားတစ်ဦး အတွက် ပြောင်းရွှေ့ကြေး ယူရို၉၀သန်းကို ပေးချေပါ့မလားဆိုတာ သံသယရှိစရာပဲလို့ တချို့ကျွမ်းကျင်သူတွေက ဖွင့်ဟပြောဆိုထားကြပါတယ်။ ကန်တီဟာ လက်ရှိဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပွဲ ၁၈ပွဲအထိ ကစားထားခဲ့ပြီး ၃ဂိုး သွင်းယူ ပေးထားနိုင်သူ ဖြစ်ပါတယ်။