ပရီးမီးယားလိဂ် အင်အားကြီး အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ လတ်တလောမှာ ဝေဖန်မှု အများအပြားနဲ့ ရင်ဆိုင် နေရသလို လက်စွမ်းပိုင်းမှာပါ ကျဆင်းလာတဲ့ အသင်းရဲ့ စပိန်လက်ရွေးစင် ဂိုးသမား ဖြစ်သူ ကီပါကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ အငှားချဖို့ အတွက် စီစဉ်နေကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အသက် ၂၆နှစ်အရွယ်သာ ရှိသေးတဲ့ စပိန်လက်ရွေးစင် ဂိုးသမား ကီပါဟာ ၂၀၁၈ ခုနှစ်မှာ စပိန်ကလပ် ဘီလ်ဘာအိုအသင်း ကနေ ချယ်လ်ဆီးအသင်းထံ ဂိုးသမား တစ်ဦးအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့​ကြေး ဖြစ်တဲ့ ယူရို ၈၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းထံ ရောက်ရှိကာစမှာ ကောင်းမွန်တဲ့ လက်စွမ်းတွေကို ထုတ်ပြနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ အတော်ကို အမှားအယွင်း များပြားနေပါတယ်။

Photo Credit: Daily Mail

အထူးသဖြင့် ကီပါဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ စတင်ချိန်မှ စကာ ပရီးမီးယားလိဂ်ရဲ့ ဂိုးပေါက် ကာကွယ်မှုနှုန်း အနည်းဆုံး ဂိုးသမားတွေထဲက တစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့သလို သူ့ရဲ့ လက်စွမ်းနဲ့ စိတ်ဓာတ်ပိုင်းဟာလည်း မေးခွန်း ထုတ်စရာတွေ များလာခဲ့တာကြောင့် လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းရဲ့ ပထမဂိုးသမား နေရာ ကနေ ဒုတိယ ဂိုးသမား နေရာအထိ ဆင်းပေးခဲ့ရပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီး အသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ်ဟာ ပြင်သစ်ကလပ် ရန်းနက်စ် အသင်းကနေ ခေါ်ယူထားတဲ့ ဆီနီဂေါ လက်ရွေးစင် ဂိုးသမား မန်ဒီကို အသင်းရဲ့ နံပါတ်တစ် ဂိုးသမားအဖြစ် သတ်မှတ်ထားပြီး မန်ဒီဟာလည်း ချယ်လ်ဆီးအသင်း အတွက် သုံးပွဲ ပါဝင် ကစားပေးခဲ့ရာ ၂ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်ထားကာ ချယ်လ်ဆီးအသင်းရဲ့ နံပါတ်တစ် ဂိုးသမား နေရာနဲ့ ထိုက်တန်သူ ဖြစ်ကြောင်း သက်သေပြ နေပါတယ်။

Photo Credit: Daily Mail

ဒါ့ကြောင့်ပဲ ကီပါဟာ မကြာမီမှာ ချယ်လ်ဆီးအသင်းကို စွန့်ခွာသွားရဖွယ် ရှိကြောင်း သတင်းတွေ ထွက်ပေါ်လာသလို စပိန်နိုင်ငံ ဆီဗီးလားဒေသခံ သတင်းဌာန တစ်ခု ဖြစ်တဲ့ Estadio Derportivo သတင်းဌာနရဲ့ ဖော်ပြချက်တွေ အရ ချယ်လ်ဆီးအသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ကီပါကို အငှားချသွားဖို့ ဆုံးဖြတ်ထားပြီး လက်ရှိမှာတော့ ဆီဗီးလားအသင်းဟာ ကီပါကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစား နေကြောင်း သိရပါတယ်။ ဆီဗီးလား အသင်းဟာ လက်ရှိမှာ ဂိုးသမား ၄ဦးအထိ ပိုင်ဆိုင်ထားသူ ဖြစ်ပေမယ့် ဆီဗီးလားအသင်းရဲ့ နည်းပြဖြစ်သူ လိုပတ်တီဂွီဟာ ကီပါရဲ့ လက်စွမ်းကို ဘီလ်ဘာအို အသင်းမှာ ရှိနေစဉ်ကတည်းက သဘောကျသူ တစ်ဦး ဖြစ်တာကြောင့် ကီပါကို အငှားနဲ့ ခေါ်ယူလို့ ရပါက ခေါ်ယူပေးဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ တောင်းဆို ထားသလို ကီပါကလည်း သူ့ရဲ့ ကစားသမား ဘဝအတွက် စပိန်မြေကို ပြန်လည် ပြောင်းရွှေ့ဖို့ စိတ်အားထက်သန် နေကာ ချယ်လ်ဆီးအသင်း ကတော့ အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ကီပါကို ရောင်းချဖို့ ပြင်ဆင် နေပါတယ်။