MySport Myanmar

အငှားကြေး ရမယ် ဆိုရင် ကူကူရယ်လာကို ယူနိုက်တက်ဆီ အငှားချမယ့် ချယ်လ်ဆီး

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက သူတို့ရဲ့ ဘယ်နောက်ခံလူ ကူကူရယ်လာ အတွက် အငှားကြေးသာ ရမယ် ဆိုရင် ကူကူရယ်လာကို ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ဆီ အငှားချဖို့ ဆုံးဖြတ်ထားကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဘယ်နောက်ခံနေရာမှာ အင်္ဂလန်ခံစစ်မှူး လုခ်ရှောနဲ့ နယ်သာလန်ခံစစ်မှူး မာလာစီယာတို့ကို ပိုင်ဆိုင်ထားပေမယ့် လုခ်ရှောနဲ့ မာလာစီယာတို့ နှစ်ဦးစလုံးက ကာလရှည် အနားယူရမယ့် ဒဏ်ရာတွေ ရထားတာကြောင့် ဘယ်နောက်ခံလူသစ် တဦးကို ခေါ်ယူဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ဘယ်နောက်ခံနေရာ အတွက် ချယ်လ်ဆီး ဘယ်နောက်ခံလူ ကူကူရယ်လာ ၊ စပါး ဘယ်နောက်ခံလူ ရယ်ဂီလွန်နဲ့ ဘာစီလိုနာ ဘယ်နောက်ခံလူ အလွန်ဆိုတို့ထဲက တဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကူကူရယ်လာဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ်ပါ။

အသက် ၂၅နှစ် အရွယ် စပိန်နောက်ခံလူ ကူကူရယ်လာက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဘရိုက်တန်ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၆၅သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံမှာ ၃၃ပွဲ ပါဝင် ကစားပေးထားရာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ကူကူရယ်လာကို အငှားနဲ့ ခေါ်ယူဖို့ အတွက် ချယ်လ်ဆီးနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီး ချယ်လ်ဆီးဘက်က ကူကူရယ်လာ အတွက် သူတို့လိုချင်တဲ့ အငှားကြေးကို ယူနိုက်တက်ထံ အသိပေးထားကာ အဆိုပါ အငှားကြေးသာ ရမယ် ဆိုရင် ကူကူရယ်လာကို မန်ချက်စတာ ယူနိုက်တက်ထံ အငှားချဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

ချယ်လ်ဆီးက ကူကူရယ်လာအတွက် အငှားကြေး ယူရို ၅သန်း ဝန်းကျင် တောင်းဆိုမယ်လို့ ခန့်မှန်းရပြီး ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေကတော့ ကူကူရယ်လာ ၊ ရယ်ဂီလွန်နဲ့ အလွန်ဆိုတို့ထဲက ဘယ်သူ့ကို ခေါ်ယူမလဲ ဆိုတာ မကြာခင်မှာပဲ အတိအကျ ဆုံးဖြတ်ချက် ချပါလိမ့်မယ်။

Exit mobile version