ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ စပိန်လာလီဂါ အင်အားကြီး ကလပ် ဘာစီလိုနာအသင်းက အရောင်းစာရင်း တင်ထားတဲ့ လူငယ် ညာနောက်ခံလူ ဆာဂျီနို ဒက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၁နှစ် အရွယ် အမေရိကန် လက်ရွေးစင် လူငယ်ကြယ်ပွင့် ဆာဂျီနို ဒက်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အေဂျက်အသင်းကနေ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၁သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။

Photo Credit: AS English

ဆာဂျီနို ဒက်စ်ဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသလို အသင်းမှာ ထိုက်သင့်တဲ့ ခြေစွမ်းတွေလည်း ပြသထားနိုင်ပေမယ့် ဘာစီလိုနာအသင်းရဲ့ နည်းပြ ဇာဗီကတော့ အသင်းရဲ့ ပင်ကိုယ် ကစားဟန် ဖြစ်တဲ့ တီကီတာကာ ကစားဟန်နဲ့ အံမဝင်ပဲ မြန်နှုန်းမြင့် ကစားဟန်နဲ့သာ ကစားချင်နေတဲ့ ဒက်စ်ကို သဘောမကျကြပါဘူး။

ဒါကြောင့်ပဲ ဇာဗီက လာမယ့် အပြောင်းအရွှေ့ ရာသီတွေမှာ ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ အတွက် ဆာဂျီနို ဒက်စ်ကို ရောင်းထုတ်ဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ တင်ပြခဲ့သလို ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ကလည်း ဆာဂျီနို ဒက်စ်ကို အရောင်းစာရင်း တင်ခဲ့ပါတယ်။

Photo Credit: AS English

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာနဖြစ်တဲ့ AS သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ ဂျာမန် အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ အပြိုင် ဆာဂျီနို ဒက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဆာဂျီနို ဒက်စ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းကျော်ကို ပေးချေဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ ညာနောက်ခံလူ နေရာမှာ အသင်းခေါင်းဆောင် အက်စ်ပီလီကွီတာ ၊ လူငယ်ကြယ်ပွင့် ရစ်စီဂျိမ်းစ်တို့ကို ပိုင်ဆိုင်ထားပေမယ့် အက်စ်ပီလီကွီတာရဲ့ စာချုပ်သစ်ကိစ္စ မရေရာမှုကြောင့် အခုလိုမျိုး ဆာဂျီနို ဒက်စ်ကို ခေါ်ယူဖို့ မျက်စိကျနေတာပဲ ဖြစ်ပါတယ်။