ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက ပြီးခဲ့တဲ့ ဆောင်းဈေးကွက် အတွင်းမှာ စပိန်လာလီဂါ ထိပ်သီးကလပ် အက်သလက်တီကို မက်ဒရစ် ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဂျာအိုဖီးလစ်ကို ရာသီကုန်မှာ အပြီးသတ် ခေါ်ယူရန် စီစဉ်နေကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ချယ်လ်ဆီးက သူတို့ရဲ့ တိုက်စစ်ပိုင်း အတွက် ပေါ်တူဂီ တိုက်စစ်မှူး ဂျာအိုဖီးလစ်ကို အက်သလက်တီကို မက်ဒရစ်ဆီ ကနေ ရာသီဝက်အငှားနဲ့ ခေါ်ယူထားတာ ဖြစ်ပြီး ဂျာအိုဖီးလစ်က သူ့ရဲ့ ချယ်လ်ဆီး ကစားသမား ဘဝ အဖွင့်ပွဲမှာတင် ကံမကောင်းစွာနဲ့ အနီကတ် ထိခဲ့ပေမယ့် ချယ်လ်ဆီးအတွက် ပါဝင် ကစားပေးထားတဲ့ ပွဲစဉ်တိုင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူပါ။

Photo Credit: Marca

အသက် ၂၃နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ဂျာအိုဖီးလစ်က ချယ်လ်ဆီးအတွက် ၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်ပြီး ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာ အပါအဝင် ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက ဖီးလစ်ရဲ့ ခြေစွမ်းကို အတော်လေး သဘောကျနေကြပါတယ်။

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ဂျာအိုဖီးလစ်ကို အပြီးသတ် ခေါ်ယူနိုင်ဖို့ အတွက် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောမတူသေးတဲ့ ကွင်းလယ်လူ မေဆန်မောင့်ကို အလိုက်ပေးကာ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး ချယ်လ်ဆီးက မေဆန်မောင့် + သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ဂျာအိုဖီးလစ် အတွက် ကမ်းလှမ်းမှု လုပ်လာနိုင်ကြောင်း သိရပါတယ်။

Photo Credit: Marca

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆန်မောင့်က ချယ်လ်ဆီးရဲ့ အကယ်ဒမီထွက် ကွင်းလယ်လူ တဦး ဖြစ်ပြီး သူနဲ့ ချယ်လ်ဆီး ကြားထဲမှာ ရှိနေတဲ့ စာချုပ်က ၁နှစ်ကျော်သာ ကျန်တော့တာကြောင့် ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီ မကုန်ခင်မှာ မေဆန်မောင့်နဲ့ စာချုပ်သစ် အတွက် သဘောတူညီမှု မရရင် မေဆန်မောင့်ကို ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ချယ်လ်ဆီးပိုင်ရှင် တော့ပ် ဘိုလေက မေဆန်မောင့် အတွက် ယူရို ၄၀သန်း ဝန်းကျင် လိုချင်နေပါတယ်။

ဒါကြောင့် ချယ်လ်ဆီးက တန်ကြေး ယူရို ၉၀သန်း ဝန်းကျင် ရှိတဲ့ ဂျာအိုဖီးလစ် အတွက် မေဆန်မောင့်ကို အလိုက်ပေး ကမ်းလှမ်းမယ် ဆိုရင် မေဆန်မောင့် + ယူရို ၄၀သန်း ဆိုတဲ့ ကမ်းလှမ်းမှုမျိုး ပြုလုပ်နိုင်ချေ ရှိနေပါတယ်။