ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ပြင်သစ်လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အူစမာနီ ဒမ်ဘီလီကို အလွတ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲ ပါဝင်လာကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Mins သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဒမ်ဘီလီဟာ မကြာခဏ ဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ရတတ်တဲ့ ကစားသမား တဦး ဖြစ်ပေမယ့် ပင်ကိုယ်ခြေစွမ်း ကောင်းမွန်တဲ့ ထိပ်တန်း ကစားသမား တဦး ဖြစ်တာကြောင့် ဒဏ်ရာကနေ ပြန်လည် သက်သာလာတိုင်းမှာ အကောင်းမွန်ဆုံး စွမ်းဆောင်ရည်တွေကို ပြသနိုင်လေ့ ရှိသူပါ။

Photo Credit: Marca

ယခုနှစ် ဘောလုံးရာသီမှာလည်း ဒမ်ဘီလီက ဒဏ်ရာပြဿနာတွေကြောင့် ဘာစီလိုနာ ကစားရမယ့် ပွဲအတော်များများကို လွဲချော်ခဲ့ပေမယ့် ပြန်ကစားခွင့် ရတဲ့ အချိန်တိုင်း အကောင်းဆုံး ခြေစွမ်းကို ပြသထားပြီး ဘာစီလိုနာ အတွက် လာလီဂါပြိုင်ပွဲမှာ ပွဲ၂၀ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ် ၊ ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီတို့ အပါအဝင် ဥရောပရဲ့ ထိပ်သီးအသင်းတွေက ဒမ်ဘီလီကို အလွတ်နဲ့ ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်နေကြပြီး 90 Mins သတင်းဌာနရဲ့ နောက်ဆုံး ဖော်ပြချက်အရ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်တော့မယ့် ချယ်လ်ဆီးကပါ ဒမ်ဘီလီကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း သိရပါတယ်။

Photo Credit: Marca

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက ဒမ်ဘီလီကို ခေါ်ယူဖို့ နှစ်ရှည်လများ စောင့်ကြည့်ခဲ့တဲ့ အသင်းတွေထဲက တသင်း ဖြစ်သလို ချယ်လ်ဆီးနည်းပြ တူဟယ်လ်ကလည်း သူ့ရဲ့ တပည့်ဟောင်း ဒမ်ဘီလီနဲ့ ပြန်လည် လက်တွဲဖို့ ရှိနေတာကြောင့် မကြာခင်မှာပဲ ချယ်လ်ဆီးက ဒမ်ဘီလီ အတွက် တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖွယ် ရှိကြောင်း ချယ်လ်ဆီးနဲ့ နီးစပ်သူတွေကလည်း အတည်ပြု ပြောကြားထားပါတယ်။