MySport Myanmar

ချယ်လ်ဆီးနဲ့ ဘရိုက်တန်ပွဲ အပါအဝင် စနေနေ့ညပွဲတွေ အတွက် ပွဲကြို ခန့်မှန်းချက်

ကဲ ပရိသတ်တွေ မလွတ်တမ်း စောင့်ကြည့် အားပေးလေ့ ရှိတဲ့ ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်(၃၁)ကို ဒီနေ့ညမှာ ကျင်းပတော့မှာပဲ ဖြစ်ပါတယ်။ ဒီနေ့ညမှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အနက် ချယ်လ်ဆီးနဲ့ ဘရိုက်တန် ၊ ဗီလာနဲ့ နယူးကာဆယ်တို့လို ပွဲကောင်းတွေ ရှိနေတာကြောင့် ပရိသတ်တွေ အတွက် ထုံးစံအတိုင်း ပွဲကြို ခန့်မှန်းချက်လေး လုပ်ပေးပါရစေ။ စလိုက်ရအောင်ဗျာ…။

Photo Credit: Sky Sports

ဗီလာနဲ့ နယူးကာဆယ် (စနေနေ့ည ၆နာရီ)

ဗီလာက နယူးကာဆယ်ရဲ့ ခြေစွမ်းကို စမ်းသပ်မယ့် နောက်ထပ် အသင်းကောင်း တသင်းပါ။ နောက်ဆုံး ၂ပတ် အတွင်းမှာ နယူးကာဆယ်က မန်ယူ ၊ ဝက်စ်ဟမ်း ၊ ဘရန့်ဖို့ဒ် စတဲ့ အသင်းကောင်းတွေ ၊ ကစားရခက်တဲ့ အသင်းတွေ အားလုံးကို အနိုင်ယူပြခဲ့ပြီး သူတို့အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ထိုက်တန်ကြောင်းကို သက်သေပြခဲ့ပါတယ်။ ဒီညမှာလည်း ဗီလာက နယူးကာဆယ်ရဲ့ ခြေစွမ်းကို စမ်းသပ်ဦးမှာပါ။

နယူးကာဆယ်က နောက်ဆုံး ကစားခဲ့တဲ့ ၅ပွဲဆက် အနိုင်ရထားသလို ဗီလာကလည်း နောက်ဆုံး ကစားခဲ့တဲ့ ၇ပွဲဆက် ရှုံးပွဲ မရှိသေးပဲ ချယ်လ်ဆီးကို အနိုင် ကစားထားပါတယ်။ ဗီလာက နောက်ဆုံး ၇ပွဲမှာ ပေးဂိုးကလည်း ၂ဂိုးသာ ရှိထားတာကြောင့် သူတို့အသင်းရဲ့ ခံစစ်မာကျောမှုကို အသိအမှတ် ပြုရပါမယ်။

ဒါပေမယ့် ဧည့်သည် နယူးကာဆယ်ကလည်း အက်ဒီဟောင်းရဲ့ ဦးဆောင်မှုနဲ့ အမြင့်ပျံခြေစွမ်းကို ရနေတာပါ။ အမ်မရီနဲ့ အက်ဒီဟောင်းတို့က နည်းပြကောင်းတွေ ဖြစ်ကြသလို နှစ်သင်းကြားမှာ ကစားသမား အင်အား ကွာခြားမှုကလည်း သိပ်မရှိတာကြောင့် ဒီပွဲက သရေရလဒ်နဲ့ပဲ အဆုံးသတ်လိမ့်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – ဗီလာ ၂-၂ နယူးကာဆယ်

Photo Credit: Sporting News

ချယ်လ်ဆီးနဲ့ ဘရိုက်တန် (စနေနေ့ည ၈နာရီခွဲ)

ဒီပွဲကတော့ လမ်းပတ်နဲ့ ချယ်လ်ဆီးတို့ ဘုရင့်နောင် ဖောင်ဖျက်တိုက်သလို တိုက်ရမယ့်ပွဲပါပဲ။ လမ်းပတ်ရဲ့ လက်အောက်မှာ ချယ်လ်ဆီးက ၂ပွဲ ကစားထားရာ ၂ပွဲစလုံး ရှုံးနိမ့်ထားပြီး သွင်းဂိုး တဂိုးတောင် မရသေးပါဘူး။ ဒါ့အပြင် ချယ်လ်ဆီးရဲ့ ကစားပုံကလည်း အတော်လေး ဆိုးရွားနေပါတယ်။

တဖက်မှာတော့ ဒီဇာဘီ ဦးဆောင်နေတဲ့ ဘရိုက်တန်က ဒီရာသီမှာ အသင်းကြီးတွေကို ယှဉ်ကစားနိုင်တဲ့ အထိ ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားကာ ပြီးခဲ့တဲ့ တပတ်မှာလည်း ကွင်းလယ်ဒိုင်ရဲ့ မမျှတတဲ့ ဆုံးဖြတ်ချက်တွေကြောင့်သာ မဟုတ်ရင် စပါးကို အဝေးကွင်းမှာ အနိုင်ရနိုင်တဲ့ အထိ ကောင်းခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲမှာလည်း ဘရိုက်တန်ရဲ့ ခြေစွမ်းကောင်းတွေကို ဆက်လက် မြင်တွေ့ရဦးမယ်လို့ ထင်ပါတယ်။

ချယ်လ်ဆီးက နောက်ဆုံး ကစားခဲ့တဲ့ ၅ပွဲမှာ တပွဲမှ မနိုင်သေးပေမယ့် အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ကစားရတိုင်း အနိုင်မရရင်တောင် မရှုံးနိမ့်အောင် ရုန်းကန် ကစားတတ်လေ့ ရှိပါတယ်။ ဒီပွဲက ရီးရဲလ်နဲ့ပွဲမတိုင်ခင် ကစားရမယ့် နောက်ဆုံးပွဲ ဖြစ်တာကြောင့် လမ်းပတ်တို့ အုပ်စုက ယုံကြည်မှု တိုးလာအောင် ဒီပွဲကို အားစိုက်ကန်ပါလိမ့်မယ်။ ဒါပေမယ့် ချယ်လ်ဆီးရဲ့ လက်ရှိခြေစွမ်းက ဘရိုက်တန်ကို အနိုင်ရလောက်တဲ့ အထိ မကောင်းသေးတာကြောင့် ဒီပွဲမှာ ဘရိုက်တန်က လက်ဝှေ့စကားနဲ့ ပြောရရင် အစီးသရေ ဆိုတဲ့ ရလဒ်မျိုး ရလိမ့်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – ချယ်လ်ဆီး ၁-၁ ဘရိုက်တန်

Photo Credit: The Analyst

အခြားပွဲများ အတွက် ခန့်မှန်းရလဒ်များ

အဲဗာတန် ၁-၀ ဖူလ်ဟမ်

ဆောက်သမ်တန် ၁-၂ ပဲလေ့စ်

စပါး ၂-၁ ဘုန်းမောက်

ဝုလ်ဗ် ၁-၁ ဘရန့်ဖို့ဒ်

မန်စီးတီး ၃-၀ လက်စတာ

Exit mobile version