ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့ရဲ့ အစဉ်အလာပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ မိုချန် ဂလာဘက် တိုက်စစ်မှူး မားကပ် သူရမ်ကို ခေါ်ယူဖို့ အတွက် ကြိုးစားလာကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ချယ်လ်ဆီးက အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ခဲ့ပြီးနောက် အသင်းရဲ့ လူစာရင်းကို အလုံးစုံ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားတဲ့ အသင်းတသင်း ဖြစ်ပြီး သူတို့က ယခုနှစ် ဘောလုံးရာသီ အတွင်းမှာပဲ ဖိုဖာနာ ၊ ကူကူရယ်လာ ၊ စတာလင်း ၊ ကူလီဘလီ ၊ ချူကွီမီကာ ၊ အူဘာမီယန်း ၊ ဆလိုနာနီ ၊ ဇာကာရီယာ (အငှား) ၊ ဘာဒစ်ရှီလာ ၊ အန်ဒရေ ဆန်းတို့စ် ၊ ဒက်ထရို ဖိုဖာနာ ၊ အန်ကွန်ကူ (လာမယ့်နွေမှ ချယ်လ်ဆီးနဲ့ ပူးပေါင်းမည်) စုစုပေါင်း ကစားသမား ၁၂ယောက် အထိ ခေါ်ယူထားပါတယ်။

Photo Credit: Football London

ချယ်လ်ဆီးက ကစားသမားသစ်တွေ အများကြီး ခေါ်ယူထားပေမယ့် သူတို့ရဲ့ တိုက်စစ်ပိုင်းက အားနည်းချက်တွေ ရှိနေဆဲ ဖြစ်ပြီး လက်ရှိ ချယ်လ်ဆီးရဲ့ လူစာရင်းထဲမှာ တိုက်စစ်မှူးစစ်စစ် အဖြစ် ဘရော်ဟာနဲ့ အူဘာမီယန်းတို့ နှစ်ဦးထဲသာ ရှိနေကာ အူဘာမီယန်းရဲ့ ခြေစွမ်းပိုင်းက ကျဆင်းနေသလို ဘရော်ဟာကလည်း ဒဏ်ရာပြဿနာတွေနဲ့ လုံးပန်းနေရတာကြောင့် ချယ်လ်ဆီးရဲ့ ဘုတ်အဖွဲ့က ယခု ဆောင်းဈေးကွက် အတွင်းမှာ တိုက်စစ်မှူးသစ် တဦး ဝယ်ယူဖို့ စဉ်းစားနေပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဂလာဘက်နဲ့ စာချုပ်သက်တမ်း ကုန်တော့မယ့် တိုက်စစ်မှူး မားကပ် သူရမ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်ထားကာ ချယ်လ်ဆီးက သူရမ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စဉ်းစားထားပေမယ့် အကယ်၍ ပြောင်းရွှေ့ကြေး သက်သာရင်တော့ ယခု ဆောင်းဈေးကွက် အတွင်းမှာပဲ သူရမ်ကို ခေါ်ယူနိုင်ကြောင်း သိရပါတယ်။

Photo Credit: Football London

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ သတင်းတွေ ထွက်နေတဲ့ မားကပ် သူရမ်ကတော့ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို လက်မခံသေးပဲ သူ့အတွက် ရောက်လာတဲ့ ကမ်းလှမ်းမှုတွေ အားလုံးကို စဉ်းစားပြီးမှသာ သူ့ရဲ့ အသင်းသစ်ကို ရွေးချယ်ဖို့ ရှိနေကြောင်းလည်း ရိုမာနိုက ဆိုပါတယ်။

ချယ်လ်ဆီးက မားကပ် သူရမ်အပြင် အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဂျာအို ဖီးလစ်ကိုပါ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ချယ်လ်ဆီးနဲ့ ဂျာအို ဖီးလစ်ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်တို့ ကြားထဲမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်ထားပါတယ်။