ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့ရဲ့ ပြည်တွင်းပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဆဲလ်ဘက် လူငယ်ကြယ်ပွင့် ဆက်စ်ကိုကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း ဆလိုဗေးနီးယား အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၁၉နှစ် အရွယ် ဆလိုဗေးနီးယား လက်ရွေးစင် တိုက်စစ်မှူး ဆက်စ်ကိုက ဆဲလ်ဘက်နဲ့အတူ အတော်လေး တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာတင် ဆဲလ်ဘက်အတွက် ပြိုင်ပွဲစုံမှာ ၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Mirror

ဆက်စ်ကိုက အရပ်အမောင်း မြင့်မားသလို တိုးအား ရုန်းအား ကောင်းမွန်တဲ့ တိုက်စစ်မှူး တဦး ဖြစ်တာကြောင့် ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က သူ့ကို ခေါ်ယူဖို့ အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ ဆက်စ်ကိုကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံးအသင်း ဖြစ်နေပါတယ်။

ဆလိုဗေးနီးယားရဲ့ ဒေသတွင်း သတင်းဌာန တခု ဖြစ်တဲ့ Sportklub Slovenijaရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးရဲ့ ပိုင်ရှင်ဖြစ်သူ တော့ပ် ဘိုလီက ယနေ့မှာပဲ ဆက်စ်ကိုရဲ့ အေးဂျင့်ဖြစ်သူထံ ဆက်သွယ်ကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ချယ်လ်ဆီးဟာ ဆက်စ်ကိုကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Photo Credit: Mirror

ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ လူကာကူကို အင်တာမီလန်ထံ အငှားနဲ့ စေလွှတ်ထားရသလို နောက်ထပ် တိုက်စစ်မှူး တဦး ဖြစ်တဲ့ တီမိုဗာနာကိုလည်း အငှားနဲ့ ထပ်မံ လက်လွှတ်ရဖို့ နီးစပ်နေတာကြောင့် သူတို့ရဲ့နေရာကို အစားဝင်နိုင်မယ့် တိုက်စစ်မှူး တဦးကို စတင် ရှာဖွေနေပြီး ဆဲလ်ဘက်နဲ့အတူ တောက်ပနေတဲ့ ဆက်စ်ကိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် ပေးချေဖို့ လိုလားနေကြောင်း ချယ်လ်ဆီးနဲ့ နီးစပ်သူတွေက ပြောကြားထားပါတယ်။