ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ အားနည်းနေတဲ့ တောင်ပံတိုက်စစ် နေရာတွေ အတွက် အင်အားဖြည့်တင်းမှု တရပ် အဖြစ် ပီအက်စ်ဗွီကြယ်ပွင့် မာဒူအက်ကို ခေါ်ယူရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

ချယ်လ်ဆီးက စတာလင်း ၊ ဇီရက်ဇ် ၊ ပူလီဆစ် စတဲ့ တောင်ပံတိုက်စစ် ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ် ပူလီဆစ်နဲ့ ဇီရက်ဇ်တို့က ပုံမှန် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရသလို ဒဏ်ရာလူသားတွေ ဖြစ်နေကြပြီး စတာလင်းကလည်း လက်ရှိမှာ ဒဏ်ရာရထားပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ ချယ်လ်ဆီးက ယခု ဆောင်းဈေးကွက် အတွင်းမှာ တောင်ပံတိုက်စစ် ကစားသမား တဦး ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပြီး ပီအက်စ်ဗွီနဲ့အတူ တောက်ပနေတဲ့ အင်္ဂလန် ယူ-၂၀ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား မာဒူအက်ဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမား ဖြစ်နေပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ မာဒူအက်က အင်္ဂလန်-နိုင်ဂျီးရီးယား ကစားသမား တဦး ဖြစ်ပြီး သူဟာ စပါးရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာသူ တဦး ဖြစ်ပြီး ညာတောင်ပံမှာ အဓိက ကစားလေ့ ရှိကာ ယခုနှစ် ဘောလုံးရာသီမှာ မာဒူအက်က ပီအက်စ်ဗွီအတွက် ပြိုင်ပွဲစုံမှာ ၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက မာဒူအက်ကို ခေါ်ယူဖို့ သူ့ရဲ့ မိခင်ကလပ် ဖြစ်တဲ့ ပီအက်စ်ဗွီနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ချယ်လ်ဆီးက မာဒူအက် အတွက် ပထမဦးဆုံး ကမ်းလှမ်းမှု အဖြစ် ယူရို ၃၀သန်းနဲ့ စတင် ကမ်းလှမ်းထားကြောင်း သိရပါတယ်။

ပီအက်စ်ဗွီကတော့ သူတို့ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဂတ်ပိုကို ဆုံးရှုံးထားရတာကြောင့် မာဒူအက်ကို ရောင်းချလိုခြင်း မရှိပေမယ့် ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေး ရရင် မာဒူအက်ကို လက်လွှတ်ဖို့ ဆုံးဖြတ်ထားပြီး ပီအက်စ်ဗွီက မာဒူအက် အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် လိုချင်နေကြောင်း နယ်သာလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

မာဒူအက်ကတော့ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး သူ့ရဲ့ အေးဂျင့်ကနေ တဆင့် အပြောင်းအရွှေ့ ဖြစ်မြောက်ရေး အတွက် ကြိုးစားနေကြောင်းလည်း နီးစပ်သူတွေက ထုတ်ဖော် ပြောကြားထားကြပါတယ်။