ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံး လူငယ် ကစားသမားဆုကို ရရှိခဲ့တဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့် အန်ဇို ဖာနန်ဒက်ကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းထောက် တဦး ဖြစ်သူ ဒန်ကန် ကတ်စတယ်က ဖော်ပြလာခဲ့ပါတယ်။

ချယ်လ်ဆီးက ကွင်းလယ်ပိုင်းမှာ ဂျော်ဂျင်ဟို ၊ ကန်တီ ၊ လော့ဖ်တပ်ချိ ၊ ကိုဗာချစ် ၊ ချူဟွေမီကာ ၊ မေဆန်မောင့် ၊ ဂါလက်ချာ ၊ ဇာကာရီယာ စတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပေမယ့် ဂျော်ဂျင်ဟိုနဲ့ ကန်တီတို့က ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ ရှိနေသလို ချူဟွေမီကာနဲ့ ဂါလက်ချာတို့ကလည်း ယုံကြည် အားကိုးလို့ ရတဲ့ အနေအထားမျိုးမှာ မရှိသေးတာကြောင့် မေဆန်မောင့် ၊ ကိုဗာချစ်နဲ့ လော့ဖ်တပ်ချိတို့သာ အမာခံ ကွင်းလယ်လူတွေ အဖြစ်သာ ရှိနေခဲ့ပါတယ်။

Photo Credit: Goal

ဒါကြောင့်လည်း ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်နေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်က ချယ်လ်ဆီးရဲ့ အဓိက ပစ်မှတ် ကစားသမားတွေထဲက တဦး ဖြစ်နေပါတယ်။

အသက် ၂၁နှစ် အရွယ် အာဂျင်တီးနားနဲ့ ဘင်ဖီကာတို့ရဲ့ အဓိက ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်က ဗဟိုကွင်းလယ်လူ တဦး ဖြစ်ပြီး သူ့ရဲ့ ဘောလုံးပေးပို့ရာမှာ တိကျမှု ၊ အသင်းဖော်တွေ အတွက် ဖန်တီးပေးနိုင်စွမ်း မြင့်မားမှုနဲ့ လုပ်အားနှုန်း မြင့်မားမှုတို့ကြောင့် အနာဂတ်မှာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံထားရသူပါ။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒန်ကန် ကတ်စတယ်ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက လီဗာပူး ၊ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ပစ်မှတ် ကစားသမား ဖြစ်သူ အန်ဇို ဖာနန်ဒက်ကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းလာနေပြီး ချယ်လ်ဆီးက အန်ဇို ဖာနန်ဒက်ရဲ့ စာချုပ်ဖျက်သိမ်းကြေး ဖြစ်တဲ့ ယူရို ၁၂၀သန်းကို ပေးချေဖို့ပါ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။

အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည် စိတ်ချရတဲ့ သတင်းထောက် ဖာဘရီဇီယို ရိုမာနိုကလည်း အန်ဇို ဖာနန်ဒက်ရဲ့ အေးဂျင့်ဖြစ်သူဟာ သူ့ရဲ့ ကစားသမားကို အင်္ဂလန် ပရီးမီးယားလိဂ်ဆီ ပို့ဆောင်ဖို့ ကြိုးစားနေကြောင်း ဖော်ပြထားတာကြောင့် ချယ်လ်ဆီးဟာ အန်ဇို ဖာနန်ဒက်ရဲ့ အသင်းသစ် ဖြစ်လာဖို့ ရာခိုင်နှုန်း များပြားနေပါတယ်။